အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတာကြောင့် EPC လျှပ်စစ်ဝန်ထမ်း မိသားစုနဲ့ ဆွေမျိုးတွေ စိတ်မပူကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမနားမှာ စစ်ကောင်စီတပ်မှူး နှစ်ယောက်နဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။
တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကိုပြင်ဆင်ဖို့အတွက် အကြမ်းဖက်စစ် ကောင်စီတပ်က တပ်မှူး ၂ ယောက် အပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက် စီးနင်းလိုက်ပါတဲ့ မော်တော်ယာဉ်တစီး၊ ဆိုင်ကယ်တစီးနဲ့ လျှပ်စစ်နဲ့ ဆက်စပ်တဲ့ သက်သေခံပစ္စည်းတွေကို KNDF က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ လျှပ်စစ်ဌာနက အကျဉ်းသားတွေကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) ဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စွဲချက်တင်အရေးယူနိုင်ဖို့ဆက်လက်စီစဉ် ဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။
KNDF က ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်လို့ ဖမ်းဆီးခံရသူတွေရဲ့ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတွေနဲ့ကောလာဟလတွေကို မယုံကြည်ကြရန် အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားအောက်မှာ ဆက်စပ်ပါဝင် တာဝန်ထမ်းဆောင်သူတွေကို KNDF က အရေးယူမှာဖြစ်လို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာတာဝန် မထမ်းဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++
END / 251
၂၆ ဧပြီ ၂၀၂၂ - ၁၂:၄၇
News ID: 1251995
ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတာကြောင့် EPC လျှပ်စစ်ဝန်ထမ်း မိသားစုနဲ့ ဆွေမျိုးတွေ စိတ်မပူကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က အသိပေး ထုတ်ပြန်လိုက်ပါတယ်။