၁၈ ဇွန် ၂၀၂၃ - ၁၅:၁၅
 မြန်မာပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံး ပါ၀င်ရမည်ဟု စင်ကာပူပြော

မြန်မာ့နိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ထိပ်သီးအဆင့် ဆွေးနွေးမှုလုပ်ဖို့ အချိန်အခါ မဟုတ်သေးဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယံ ဘာလာကရစ်ရှ်နန်က ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာ့နိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ထိပ်သီးအဆင့် ဆွေးနွေးမှုလုပ်ဖို့ အချိန်အခါ မဟုတ်သေးဘူးလို့ စင်ကာပူ နိုင်ငံခြား ရေး၀န်ကြီး ဗီဗီယံ ဘာလာကရစ်ရှ်နန်က ပြောပါတယ်။

၀ါရှင်တန်မှာ ကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ သဘောထားတွေကို သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်ဆံမှုမပြုတဲ့ မူ၀ါဒကို ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ ဘာလာကရစ်ရှ်နန်က ဆိုပါတယ်။

“အာဏာသိမ်းအဖွဲ့နဲ့ ထိပ်သီးအဆင့်မပြောနဲ့ နိုင်ငံခြားရေး၀န်ကြီးအဆင့်တောင်မှ ဆွေးနွေးဖို့ အချိန်အခါ မဟုတ်သေးပါဘူး”

“စစ်အာဏာသိမ်းမှု၊ အရပ်သားတွေအပေါ် ဆက်လက်အကြမ်းဖက်နေမှု၊  နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှု၊ စီးပွားရေးအပေါ် ကြီးကြီးမားမားရိုက်ခတ်မှု အားလုံးကို ကျွန်တော်တို့ ရှုတ်ချပါတယ်”

“အာဏာသိမ်းမှုက ၂ နှစ်တောင်ကျော်သွားပြီး။ ဘာတိုးတက်မှုမှ မမြင်ရသေးပါဘူး”

အာဆီယံနဲ့ စစ်ကောင်စီ တာ၀န်ရှိသူတွေအကြား တရား၀င်မဟုတ်တဲ့ ဆွေးနွေးမှု အခုရက်ပိုင်းအတွင်းလုပ်ဖို့ ထိုင်းနိုင်ငံရဲ့ လက်ရှိ အိမ်စောင့်အစိုးရက စီစဥ်ထားတယ်လို့ သတင်းတွေ ထွက်နေတာပါ။

စင်ကာပူနိုင်ငံခြားရေး၀န်ကြီးက စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်မှု လုံး၀မရှိဘူးလို့ မငြင်းပေမယ့် နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ဆိုရင် သက်ဆိုင်သူအားလုံး ပါ၀င်ဖို့ လိုတယ်လို့ မှတ်ချက်ပေးပါတယ်။

“အဓိကအချက်က သက်ဆိုင်သူတိုင်း စားပွဲ၀ိုင်းမှာထိုင်ပြီး ဆွေးနွေးဖို့ပါ။ ဒါမျိုးဖြစ်ဖို့ ဘယ်လောက်ကြာမလဲ မသိပါဘူး။ အရင်တစ်ခေါက်က မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုဖြစ်ဖို့ ၂၅ နှစ်လောက် ကြာခဲ့တယ်။ အခုတစ်ကြိမ်တော့ ဒီလောက်မကြာဖို့ မျှော်လင့်ပါတယ်”

အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးဖို့ အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

****************************************************************
END / 251