၁၉ ဇန်နဝါရီ ၂၀၂၄ - ၂၀:၃၁
မြို့ပေါင်း ၁၃၃ မြို့တွင် PDF ၂၆၆ ဖွဲ့ရှိ၊ ၂ နှစ်ကျော်အတွင်း စစ်တပ်နှင့်တိုက်ပွဲပေါင်း ၂,၄၀၀ ခန့် ဖြစ်ခဲ့

မြို့ပေါင်း ၁၃၃ မြို့မှာ PDF အဖွဲ့ပေါင်း ၂၆၆ ဖွဲ့ရှိပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၂,၄၀၀ လောက်ဖြစ်ခဲ့တယ်လို့ BNI - Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ သိရပါတယ်

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




မြို့ပေါင်း ၁၃၃ မြို့မှာ PDF အဖွဲ့ပေါင်း ၂၆၆ ဖွဲ့ရှိပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၂,၄၀၀ လောက်ဖြစ်ခဲ့တယ်လို့ BNI - Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ ဖယ်ခုံမြို့မှာ တိုက်ပွဲ ၈၈ ရက်နဲ့အများဆုံးဖြစ်ပြီး ကလေးမြို့နဲ့ ဒီးမော့ဆိုမြို့တို့မှာ ၇၂ ရက်စီ၊ ရေစကြိုမြို့မှာ ရက်ပေါင်း ၇၀၊ လွိုင်ကော်မှာ ၆၂ ရက်၊ မုံရွာမှာ ၅၇ ရက်၊ ယင်းမာပင်မာ ၅၅ ရက်၊ တနင်္သာရီမြို့မှာ ၅၄ ရက်၊ မင်းတပ်မြို့မှာ ၅၃ ရက်၊ ပေါက်နဲ့ မြိုင်မှာ ၅၁ ရက်စီ၊ တမူးမှာ ၄၉ ရက်၊ ပုလဲနဲ့ ပုလောမှာ ၄၆ ရက်စီ၊ မင်းကင်း၊ မတူပီ၊ ကနီနဲ့ ဂန့်ဂေါတို့မှာ ၄၅ ရက်စီ၊ ရေးနဲ့ ဖရူဆိုမှာ ၄၃ ရက်စီ၊ ဟားခါးမှာ ၄၂ ရက်၊ ဝက်လက်မှာ ရက် ၄၀ စသဖြင့် အများဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်း ၂,၃၉၅ ရက်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒါတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဒေသတခုမှာ တိုက်ပွဲဖြစ်တဲ့ ရက်တရက်ကို တခုအနေနဲ့ မှတ်တမ်း ယူထားတာဖြစ်ပြီး တိုက်ပွဲအကြိမ်ရေကတော့ ဒါထက်များမယ်လို့ BNI ရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“တိုက်ပွဲတွေကို မှတ်တမ်းကောက်ယူတဲ့နေရာမှာ ကျနော်တို့အနေနဲ့ မြို့နယ်အလိုက် ရက်နဲ့ကောက်ယူတဲ့အတွက် အကြိမ်ရေအားဖြင့်ဆိုရင် ဒီထက်ပိုများနိုင်ပါတယ်။ တချို့တိုက်ပွဲတွေက တရက်တည်း၊ တနေရာတည်းမှာပဲ ၂ ကြိမ် ၃ ကြိမ် ဖြစ်ပွားလေ့ ရှိပါတယ်။ ဒါပေမယ့် အချက်အလက်အတည်ပြုဖို့တော့ ခက်ခဲပါတယ်။”

တိုင်းနဲ့ပြည်နယ်အလိုက်မှာတော့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်တဲ့ရက်ပေါင်း ၈၈၅ ရက်ရှိပြီး မကွေးတိုင်းမှာ ၃၃၀၊ ချင်းပြည်နယ်မှာ ၂၆၂၊ ကရင်နီပြည်မှာ ၂၀၆၊ တနင်္သာရီတိုင်းမှာ ၂၀၂၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၁၇၊ ပဲခူးတိုင်းမှာ ၁၀၅၊ မန္တလေးမှာ ၉၉၊ မွန်ပြည်နယ်မှာ ၉၁၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၃၄၊ ရန်ကုန်တိုင်းမှာ ၃၂၊ ကချင်ပြည်နယ်မှာ ၃၀၊ ကရင်ပြည်နယ်မှာ ၁၇၊ နေပြည်တော်မှာ ၈၊ ဧရာဝတီတိုင်းမှာ ၇ ရက် ဖြစ်ခဲ့ပါတယ်။

PDF တပ်ဖွဲ့တွေကတော့ စစ်ကိုင်းတိုင်းထဲမှာ ၈၇ ဖွဲ့နဲ့ အများဆုံးရှိနေပြီး မန္တလေးတိုင်းမှာ အဖွဲ့ ၃၀၊ တနင်္သာရီတိုင်းမှာ ၂၈ ဖွဲ့၊ မကွေးတိုင်းမှာ ၂၃ ဖွဲ့၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ ၁၉ ဖွဲ့စီ၊ ချင်းပြည်နယ်မှာ ၁၇ ဖွဲ့၊ ကရင်နီနဲ့ ပဲခူးတိုင်း အနောက်ပိုင်းမှာ ၇ ဖွဲ့စီ၊ မွန်ပြည်နယ်မှာ ၆ ဖွဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းမှာ ၅ ဖွဲ့စီ၊ ကချင်ပြည်နယ်မှာ ၄ ဖွဲ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၃ ဖွဲ့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ၁ ဖွဲ့စီရှိနေပါတယ်။

BNI ရဲ့ တာဝန်ရှိသူ တယောက်က “ကျနော်တို့ လက်လှမ်းမီသလောက် စုစည်းထားတဲ့ မှတ်တမ်းအရတော့ နွေဦးတော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာတဲ့ မြို့ပြဒေသအလိုက် PDF/LDF အဖွဲ့ ၂၆၆ ဖွဲ့ဟာ မြို့နယ်ပေါင်း ၁၃၃ မြို့နယ်မှာ ရှိတာပါ။ ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ PDF/LDF တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေကို ကြည့်ရင် မြို့နယ်ပေါင်း ၁၈၂ မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါတယ်။ ဒါကြောင့် မြို့နယ်တခုမှာ PDF အရေအတွက် တခုထက်ပိုမိုထွက်ပေါ်နေသလို PDF/LDF တဖွဲ့ဟာလည်း မြို့နယ်တခုထက်ပိုပြီး တိုက်ပွဲဖော်လှုပ်ရှားနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးတာကတော့ ၂၀၂၂ ခုနှစ် အတွင်းမှာ ၄၀၃၂ ယောက်ရှိပြီး ၂၀၂၃ ခုနှစ်မှာ ၆၈၇၅ ယောက်ရှိတာကြောင့် စုစုပေါင်း ၁၀၉၀၇ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ၂ နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၈၀၈ ယောက် သေဆုံးပြီး အရပ်သားကတော့ ၂,၈၁၂ ယောက်သေဆုံးခဲ့တယ်လို့လည်း BNI ရဲ့ ဆီက သိရပါတယ်။

ဒီအချက်အလက်တွေကို ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ BNI အဖွဲ့ဝင် သတင်းဌာနတွေဆီကနေ ရယူထားတာလို့လည်း ဆိုပါတယ်။
****************************************************************
END / 251