မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်တွင် ဖမ်းမိခဲ့သော လှေစီးသူ ၇၃၃ ဦး
အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်အတွင်း ရောက်ရှိနေသော လှေစီးပြေးသူများအထဲမှ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ အဖြစ် စိစစ်အတည်ပြုထားသည့် ဘင်္ဂါလီ ၁၉၅ ဦးအား ဇွန်လ ၂၀ ရက်နေ့တွင် မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။
အဆိုပါ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် ၁၉၅ ဦးမှာ ပြီးခဲ့သည့် မေလ ၂၁ ရက်က ရခိုင်ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သည့် အယောက် ၂၀၈ ဦးမှ ၈ ဦး၊ မေလ ၂၉ ရက်က ဧရာဝတီတိုင်တွင် ဖမ်းမိခဲ့သော လှေစီးသူ ၇၃၃ ဦးမှ ၁၈၇ ဦးတို့ ဖြစ်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများမှာ မောင်တောမြို့နယ်မှ ၁၁၂ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၂၅ ဦး၊ စစ်တွေမြို့နယ်မှ ၃၀ ဦး အပါအ၀င် မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးစသည့် မြို့နယ်တို့မှ ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရှိရသည်။
“သူတို့နေရပ်သို့ လွှဲပြောင်းဖို့ လုပ်နေတယ်။ သင်္ဘောနဲ့ ပို့မှာဆိုတော့ ရာသီးဥတု အခြေအနေကို ကြည့်ပြီး ပြန်ပို့မှာပါ။ ဒီကနေ့ အပြီးလွဲပေးမယ်” ဟု ရခိုင်ပြည်နယ် ပြည်နယ် လ၀ကမှူး ဦးခင်စိုးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်းသို့ ရောက်ရှိနေသော လှေစီးဒုက္ခသည် ၂၀၀ ဦးအနက် အယောက် ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ကျန်အယောက် ၅၀ ထဲမှ ၃၇ ဦးကို ဇွန်လ ၁၉ ရက်နေ့တွင် ထပ်မံလွဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် လှေစီးပြေးသူ ၂၀၀ ဦးထဲမှ လက်ကျန် ၁၃ ဦးနှင့် မိုင်တိုင် ၃၇ တွင်ထားရှိသော ဧရာဝတီတိုင်းအတွင်း ဖမ်းမိသူ ၇၃၃ ဦးထဲမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြုထားသည့် အယောက် ၅၀၀ ကျော်တို့ကိုလည်း အမြန်ဆုံး လွှဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း ဦးခင်စိုးက ဆက်လက် ပြောကြားသည်။
၎င်းလှေစီးပြေးသူများကို ရခိုင်ပြည်အတွင်းမှ အမြန်ဆုံး ဖယ်ရှားပေးရန် ဇွန်လ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် မြို့ကြီးများတွင် ရခိုင်လူထုက တောင်းဆို ဆန္ဒပြခဲ့ကြသည်။
=======
251 / End