အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မက္ကာတွင် ဖြစ်ပွားခဲ့သည့် ကရိန်းပြိုကျမှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီကို ဆော်ဒီ အာရေးဗီးယား အစိုးရက လုပ်ငန်းများ ဆိုင်းငံ့ထားစေရန် တားမြစ် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စလာမ် ဘာသာရေး၏ အထွဋ်အမြတ် နေရာဖြစ်သည့် မက္ကာမြို့မှ နိုင်ငံတော် ဗလီကြီးတွင် ကရိန်းကြီးတစ်ခု ပြိုကျမှု ဖြစ်ပွားရာ ဝတ်ပြုခရီးသည် ၁၀၇ ဦး သေဆုံးခဲ့သည်။ အဆိုပါ ဗလီရှိ ကရိန်းများကို ဆော်ဒီဘင်လာဒင်အုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီကြီးက တပ်ဆင်ထားခြင်းဖြစ်ရာ အစိုးရက ယခုလို အရေးယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဆော်ဒီ၏ အကြီးမားဆုံး စာရင်းဝင် ကုမ္ပဏီကြီး တစ်ခု၏ လက်ရှိ ပရောဂျက် အားလုံးကိုလည်း ပြန်လည် စစ်ဆေးသွားရန် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆော်ဒီဘုရင် ဆယ်လ်မန်က အမိန့်ပေးခဲ့သည်။ ဘုရင်၏ အမိန့်အရ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်များနှင့် အမှုဆောင်များသည်လည်း နိုင်ငံအတွင်းမှ ထွက်ခွာခွင့် မရတော့ချေ။
အစ္စလာမ် ဘာသာရေး၏ အထွဋ်အမြတ် နေရာကို ထိန်းသိမ်းစီမံသူများအဖြစ် အစဉ်အဆက် ဂုဏ်ယူခဲ့သည့် ဆော်ဒီ အစိုးရအတွက် ယခုမတော်တဆမှုသည် အကြီးအကျယ် အရှက်ရစရာ ဖြစ်လာခဲ့သည်။ မက္ကာတွင် ဝတ်ပြုနိုင်မည့် နေရာများ ချဲ့ထွင်ရန် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရာ တပ်ဆင်ထားသည့် ဝန်ချီကရိန်းတစ်ခု ပြိုကျခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီဘင်လာဒင် အုပ်စုသည် ဘုရင့်နိုင်ငံအတွင်း ဖွဲ့စည်းပုံ အကြီးမား အကျယ်ပြန့်ဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး နိုင်ငံတော်ဗလီ တိုးချဲ့တည်ဆောက်ရေး ပရောဂျက်ကို လက်ခံ ရရှိထားသည်။ အဆိုပါ ကုမ္ပဏီကို ကမ္ဘာကျော် အယ်လ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်၏ ဖခင်ဖြစ်သူက လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ခန့်တွင် စတင်တည်ထောင်ပြီး ယခုအခါ ဘင်လာဒင်၏ ညီဖြစ်သူ ဘေကာက တာဝန်ယူ ဦးဆောင်နေကြောင်း သိရှိရသည်။
---------------------------------------
251 / End