အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ပြည်သူတွေက မူဝါဒရေးဆွဲသူတွေကို စမတ်ဖုန်း အပလီကေးရှင်းသုံးပြီး စောင့်ကြည့်နေကြပါပြီ။
မြို့အစိုးရက တာဝန်ယူ ဖြေရှင်းရမယ့် လမ်းအပေါက်တွေ၊ အမှိုက်တွေ၊ ရာဇဝတ်မှုတွေနဲ့ မီးပွိုင့်အပျက် စတဲ့ တွေ့ရှိသမျှ အကြောင်းတွေကို ဓာတ်ပုံရိုက်ပြီး Qlue လို့ခေါ်တဲ့ စမတ်ဖုန်း အပလီကေးရှင်းက တဆင့် မြို့အစိုးရဆီ တင်ပြနေကြတာပါ။
အင်ဒိုနီးရှားရဲ့ အိပ်ငိုက်နေတဲ့ ကြိုးနီစနစ်ကို လှန့်နိုးလိုက်တဲ့ ဒေသခံတွေရဲ့ လုပ်ဆောင်ချက်လို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။
မြို့အရာရှိတွေကတော့ တိုင်ကြားချက် ၉၀ ရာခိုင်နှုန်းထိ စိစစ် ဆောင်ရွက်နေပြီလို့ ရိုက်တာစ် သတင်းဌာနကို ပြော ပါတယ်။ လွန်ခဲ့တဲ့ ၈ လက စတင်မိတ်ဆက်တဲ့ ဒီ အပလီကေးရှင်းကို သုံးစွဲသူအယောက် ၈သောင်း ရှိနေပါပြီ။ ဒီနှစ်အစောပိုင်းက ဂျကာတာမြို့ဟာ ကမ္ဘာ့ ယာဉ်ကြော အပိတ်ဆုံး ၇၈မြို့ စာရင်းထဲမှာ ထိပ်တန်း ဖြစ်ခဲ့ပါတယ်။ လူ ဆယ်သန်းရှိတဲ့ မြို့ဟာ နှစ်စဉ် ရေလွှမ်းမိုး ခံရပြီး ညစ်ညမ်းမှုတွေကြောင့် ဒေသတွင်း အဆိုးဆုံး တွေထဲမှာ ပါခဲ့ပါတယ်။
ဒီ အပလီကေးရှင်းကို တီထွင်တဲ့ ကုမ္ပဏီက နိုင်ငံသားတွေ တိုင်တန်းစရာလမ်းကြောင်း မရှိခဲ့လို့ ဒီအချက်ကို သုံးခဲ့တာလို့ ပြောပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ လူမှုကွန်ရက် မီဒီယာကို အလောတကြီး အသုံးဆုံးတွေထဲမှာ ပါပါတယ်။
ဂျကာတာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကလည်း ပြည်သူ့ဝန်ထမ်းတွေ စစ်ဆေးရာမှာ ကူညီနိုင်ဖို့ လူမှုကွန်ယက် မီဒီယာကို သုံးပါတယ်။ တကယ်လို့ဌာနခွဲတွေက အစီရင်ခံစာတွေကို မတုံ့ပြန်ရင် သူတို့ကို အလုပ်က ထုတ်မယ်လို့လည်း ပြောပါတယ်။ အဂတိ လိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ Transparency International ရဲ့ စစ်တမ်းအရ ကမ္ဘာ့ အဂတိ လိုက်စားဆုံး နိုင်ငံတွေထဲမှာ ပါခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အောက်တိုဘာလက အာဏာရပြီးတည်းက အစိုးရပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေး လုပ်ဆောင်နေ ပါတယ်။
ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ သမ္မတက ဗျူရိုကရက်တွေနဲ့ နိုင်ငံရေးသမားတွေဟာ အတ္တကိုဘေးဖယ်ထားပြီး နိုင်ငံရဲ့ အားနည်းတဲ့စီးပွားရေး ပြန်ရှင်သန်လာအောင် အလုပ်အတူ တွဲလုပ်ရမယ်လို့ ပြောပါတယ်။ Qlue အပလီကေးရှင်း ကိုတော့ ဂျကာတာမြို့တော်မှာ စံပြအဖြစ် သုံးပြီးရင် နိုင်ငံတလွှား တခြားမြို့တွေမှာ သုံးစွဲမှု တိုးချဲ့ဖို့ မျှော်လင့်ထားပါတယ်။
---------------------------------------
251 / End