၃၀ နိုဝင်ဘာ ၂၀၁၅ - ၁၉:၃၁
ပါရီမြို့တွင် ကျင်းပသည့် ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိ

နိုဝင်ဘာ ၃၀ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ စတင်ကျင်းပသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲ၌ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



နိုဝင်ဘာ ၃၀ ရက်က ပါရီရှိ ဘာတာကလန်ပြဇာတ်ရုံ အပြင်ဘက်၌ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူများကို ဂါရ၀ပြုရန် ပြင်ဆင်နေသည့် အမေရိကန်သမ္မတ အိုဘားမား (ယာ) နှင့် ပြင်သစ်သမ္မတ အော်လွန်း (ယာဒုတိယမြောက်) (Photo: AFP)



နိုဝင်ဘာ ၃၀ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ စတင်ကျင်းပသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲ၌ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေသည့် ဖန်လုံအိမ် အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ကန့်သတ်ရန် သဘောတူညီချက် တစ်ရပ်အတွက် ဆယ်စုနှစ်နှစ်ခုကြာ နိုင်ငံတကာ ငြင်းခုံနေမှုများကို အဆုံးသတ်ရန် ရည်ရွယ်ထားသည်။

တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အမေရိကန်တို့မှ ခေါင်းဆောင်များ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် ၁၅၀ ခန့်သည် ပါရီမြို့မြောက်ပိုင်း၌ တွေ့ဆုံကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၂၈၀၀ ခန့်ဖြင့် လုံခြုံရေးတင်းကျပ်စွာ ချထားသော နေရာတွင် ဆွေးနွေးကြမည်ဖြစ်သည်။

စေ့စပ်ညှိနှိုင်းရေးမှူးများက ဗုံးခွဲမှုများနှင့် ပစ်ခတ်မှုများကြောင့် လူပေါင်း ၁၃၀ သေဆုံးခဲ့ရသော ပါရီတိုက်ခိုက်ခံရမှုကို ဂုဏ်ပြုသောအားဖြင့် သဘောတူညီချက် တစ်ရပ် ရရှိအောင် ဆွေးနွေးမည်ဟု ကတိပြုထားသည်။

ထိပ်သီး ဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် တရားဝင် စတင်ဖွင့်လှစ်သည့်အခါ ပါရီ တိုက်ခိုက်မှုများ၌ သေဆုံးခဲ့သူများကို အမှတ်ရသော အနေဖြင့် တစ်မိနစ်ကြာ ငြိမ်သက်ကြမည်ဖြစ်သည်။

“ဒီထိပ်သီးဆွေးနွေးပွဲဟာ လူသားချင်း စာနာမှု ကံကြမ္မာအတွက် ပန္နက်ရိုက်မှာ ဖြစ်ပါတယ်။ ပြင်သစ်တိုက်ခိုက်မှုတွေပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ စိန်ခေါ်မှုကို တုံ့ပြန်ဖို့နဲ့ အရေးပေါ် ဦးစားပေး လုပ်ငန်းတွေအတွက် သဘောတူညီမှုရဖို့ လုပ်ရပါမယ်။ ဒါ့အပြင် ရေရှည်အတွက်လည်း လုပ်ရမှာ ဖြစ်ပါတယ်” ဟု ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ပြောကြားခဲ့သည်။

ပြင်သစ်နေ့စဉ် သတင်းစာနှင့် မိနစ် ၂၀ ကြာ တွေ့ဆုံရာတွင် အော်လွန်းက “ခေါင်းဆောင်တွေဟာ ပြင်သစ်နဲ့ တစ်သားတည်းရှိကြောင်း ပြဖို့နဲ့ ကမ္ဘာကြီး ပူနွေးမှုအတွက် သူတို့အနေနဲ့ သက်ဆိုင်တဲ့တာဝန်ကို ယူဖို့ ပါရီမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ အကြီးအကဲတွေ အနေနဲ့ ဒီအခွင့်အလမ်းကို လက်လွှတ်ခံမလား ဆိုတာကို သမိုင်းက ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မကြာမီ အချိန်အတွင်း အရေးယူ ဆောင်ရွက်ခြင်း မရှိပါက လူသားတို့ အနေဖြင့် ပဋိပက္ခများ ဖြစ်စေသော မိုးခေါင်ရေရှားခြင်းကဲ့သို့ ပို၍ ဆိုးရွားလာသော ကပ်များကို ခံရလိမ့်မည် ဖြစ်ပြီး အနိမ့်ပိုင်းရှိ နိုင်ငံများကို ပျောက်ကွယ်သွားစေမည့် ပင်လယ်မျက်နှာပြင် မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာလိမ့်မည်ဟု သိပံ္ပပညာရှင်များက သတိပေးထားသည်။

Ref: AFP
========================
251 /End