၁၁ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၃၇
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် အာဏာမရှိတော့သော်လည်း သြဇာရှိနေသေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည် အကူးအပြော

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် အာဏာမရှိတော့သော်လည်း သြဇာရှိနေသေးသည့်အတွက် အကူးအပြောင်းအတွက် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၁ ရက်က မီဒီယာများသို့ ပြောကြားသည်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံစဉ်


ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် အာဏာမရှိတော့သော်လည်း သြဇာရှိနေသေးသည့်အတွက် အကူးအပြောင်းအတွက် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၁ ရက်က မီဒီယာများသို့ ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် အကူးအပြောင်းအတွက် အကျိုးသက်ရောက်မှုမရှိဟု ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက တစ်ဦးအနေဖြင့် ထိုသို့ တွေ့ဆုံမှုအပေါ်မည်သို့ သဘောထားသည်ကို သိလိုကြောင်း သတင်းထောက်များ၏ မေးမြန်းမှုအပေါ် သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့နေရာမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပါတီစုံ ဒီမိုကရေစီ ကူးပြောင်းဖို့အတွက် ဆောင်ရွက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါ ပေမဲ့သူက ဒီနေ့ အာဏာမရှိတော့ဘူးဆိုပေမယ့် သြဇာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ အာဏာမရှိတော့ပေမယ့် သြဇာရှိတယ်။ တစ်ခါတစ်ခါမှာ အာဏာထက် သြဇာက ပိုပြီးအကျိုးသက်ရောက်မှုရှိ တယ်။ ဒါကြောင့်မို့ ဘယ်သူပဲ ဘာပြောပြော အကျိုးသက်ရောက်မှု ရှိတယ်လို့ပဲ မှတ်ယူရမယ်။ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ အဲဒီလိုဝေဖန်သုံးသပ်တဲ့ သူတွေက ဘာသဘောလဲ ဆိုတာ သူ့သဘောနဲ့ သူဆောင်တယ်။ သြဇာနဲ့ အာဏာမှာ ဘယ်ဟာက ပိုကောင်းလဲဆိုရင် သြဇာကပိုကောင်းတယ်။ အာဏာဆိုတာက ခက်ထန်တဲ့ သဘောရှိတယ်။ အာဏာဆိုတာက သူ့ဆီမှာ ပါဝါရှိမှ၊ လုပ်ပိုင်ခွင့်ရှိမှ သုံးလို့ရတာ။ သြဇာကျတော့ ဒါကြောင့်မို့ သြဇာနဲ့အာဏာနဲ့က မတူဘူး။ အာဏာရှိမှ အလုပ်ဖြစ်တာ မဟုတ်ဘူး။ သြဇာရှိလည်း အလုပ်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုတွေ့ဆုံမှုဟာ အလွန်အင်မတန် ကောင်းပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ နိုင်ငံအတွက်လည်း ကောင်းတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်လည်း ကောင်းတယ်။ အများအတွက်လည်းကောင်းတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် နောက်လာမည့် အစိုးရသည် ကိုယ့်ပါတီမဟုတ်သည့်အတွက် ၎င်းတို့လက်ထက်တွင် နိုင်ငံမတိုးတက်စေရန်နှင့် ထိုသို့ ဖြစ်မှ နေရာပြန်ရမည်ဆိုသည့် စိတ်ထားများ မမွေးဘဲ ၀ိုင်းဝန်းကူညီကြရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၁၁ ရက် မီဒီယာများနှင့် မတွေ့ဆုံမီ ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်းက ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ရှုံးနိမ့်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း နောက်တက်လာမည့် အစိုးရအား တတ်စွမ်းသမျှ ၀ိုင်းဝန်း ကူညီသွားမည်ဖြစ်ကြောင်း၊ အရှုံးထဲမှ အမြတ်ရအောင် ယူရမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရှုံးနိမ့်သည့်အတွက် ၀မ်းနည်းကာ ငိုကြွေးခဲ့ရကြောင်း ဆက်လက်ပြောကြားသည်။
သူရဦးရွှေမန်းက “မီဒီယာတွေကိုလည်း ကတိပေးပါတယ်။တကယ့်စေတနာပါ။ဘယ်ပါတီ၊ ဘယ်အစိုးရတက်တက် လက်ရှိ အနေအထားထက် နိုင်ငံတိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်သွားမယ်။ကိုယ့်ပါတီ မဟုတ်လို့ သူများပါတီ တက်သွားပြီး မလုပ်နိုင်လို့ မလုပ်တာကို ကိုယ့်ပါတီမဟုတ်လို့ ၀ိုင်းဝန်းမကူညီဘဲ သူတို့ပြုတ်ကျရင် ငါတို့နေရာ ရမှာပဲဆိုပြီးတော့ အဲဒီလိုစိတ်ထားမျိုး မမွေးသင့်ဘူး” ဟု ပြောကြားသည်။
Writer:
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

============================
251 / End