အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အား မြင်တွေ့ရစဉ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ သွားလာရေးနှင့် လူမှုရေးခက်ခဲသော မြို့နယ်များမှ ကျောင်းသားများအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ်ခြောက်ခုတွင် အမှတ်ကန့်သတ်ခြင်းမရှိဘဲ ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေကြောင်း သတင်းရရှိသည်။
အဆင့်မြင့်တက္ကသိုလ် (Ce-nter of Excellent)များဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်တို့တွင် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုနှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲသောမြို့နယ်များမှ တိုင်းရင်းသားကျောင်းသားများအတွက် အဆိုပါတက္ကသိုလ်များ၌ သတ်မှတ်ဝင်ခွင့်ကျောင်းသားဦးရေ၏ ၃ ရာခိုင်နှုန်းစီ လက်ခံသွားမည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူနှင့် ၎င်း၏ မိဘသည် နိုင်ငံသားပြစ်မှုဥပဒေနှင့် ကိုက်ညီရမည်ဖြစ်ပြီး အဆိုပါမြို့နယ်များ၌ အဋ္ဌမတန်း၊ နဝမ တန်း၊ တက္ကသိုလ်ဝင်တန်းကို ဆက်တိုက်ပညာသင်ကြားခဲ့ရမည့်အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရူပဗေဒနှင့် ဓာတုဗေဒဘာသာများပါဝင်သည့် ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်ဖြစ်သည်။
ဝင်ခွင့်လျှောက်ထားလိုသူများသည် လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ၊ အဆင့်မြင့်တက္ကသိုလ်များနှင့် နေပြည်တော်ရှိ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် ထုတ်ယူနိုင်ပြီး နေပြည်တော်ရှိ ရုံးအမှတ် (၂၁)၊ စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးပေးပို့ရမည်ဖြစ်သည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ရောက်ရှိလာသည့် လျှောက်လွှာများနှင့် အမှတ်စာရင်းများကို အဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးကော်မတီက ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ကျောင်းသားစာရင်းကို ၂၀၁၆ ဇန်နဝါရီ ၁ ရက်တွင် နေ ပြည်တော်ရှိ အဆင့်မြင့်တက္ကသိုလ်များနှင့် ကျောင်းသားရေးရာဌာနစု(ရုံးခန်း)၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
======================
251 / End