၃၁ ဒီဇင်ဘာ ၂၀၁၅ - ၁၇:၂၀
နှစ်သစ်ကူးကာလတွင် ဥရောပ မြို့တော်ကြီးများ၌ လုံခြုံရေးအဆင့် မြှင့်တင်ထား

ပါရီမြို့လယ် တစ်နေရာတွင် စောင့်ကြပ်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး။ နှစ်သစ်ကူး ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကြောင့် ဥရောပ နိုင်ငံကြီးများ၏ မြို့တော်များတွင် လုံခြုံရေးအဆင့် မြှင့်တင်စောင့်ကြည့်နေကြောင်း သိရှိရသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် အာဏာပိုင်များက အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်းနှင့် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း သတိပေး နှိုးဆော်ထားသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ပါရီမြို့လယ် တစ်နေရာတွင် စောင့်ကြပ်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး။

နှစ်သစ်ကူး ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကြောင့် ဥရောပ နိုင်ငံကြီးများ၏ မြို့တော်များတွင် လုံခြုံရေးအဆင့် မြှင့်တင်စောင့်ကြည့်နေကြောင်း သိရှိရသည်။

 
 သက်ဆိုင်ရာ နိုင်ငံအလိုက် အာဏာပိုင်များက အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်းနှင့် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း သတိပေး နှိုးဆော်ထားသည်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် မြို့တော်တွင် နှစ်သစ်ကူးအကြို မီးရှူးမီးပန်းများ ပစ်ဖောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသလို ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်၊ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်နှင့် ရုရှားနိုင်ငံ မော်စကိုမြို့တော်တို့တွင်လည်း လုံခြုံရေး စံနှုန်းများကို မြှင့်တင် တင်းကျပ်ထားသည်။

တူရကီတွင်လည်း အန်ကာရာမြို့တော်၌ နှစ်သစ်ကူး ကာလတွင် အကြမ်းဖက် တိုက်ခိုက်မည့် အစီအစဉ် တစ်ရပ်ကို ကြားဝင်ဟန့်တားနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း ဩစတြီးယား အစိုးရက မိမိတို့၏ မိတ်ဆွေနိုင်ငံ တစ်ခု၏ ထောက်လှမ်းရေး ဌာနက ဥရောပ၏ အထင်ကရ မြို့တော်များတွင် နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြေကို သတိပေး အကြောင်းကြားထားကြောင်း ကြေညာခဲ့သည်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်စ်မိုက်ကယ်က ဘရပ်ဆဲလ်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို တားမြစ်ခဲ့သည့် ဆုံးဖြတ်ချက်သည် ယုံကြည်ရလောက်သော သတင်းအချက်အလက်များကြောင့်ဟု ဝန်ခံခဲ့သည်။ ယမန်နှစ်က ဘရပ်ဆဲလ်တွင် လူပေါင်း တစ်သိန်းကျော် စုရုံးပြီး နှစ်သစ်ကူးကို ကြိုဆိုခဲ့သည်။ “အဲဒီလို အခြေအနေမျိုးမှာ လူတိုင်းကို ကျွန်တော်တို့ လိုက်စစ်ဆေးလို့ မရတော့ဘူးလေ”ဟု ဘရပ်ဆဲလ် မြို့တော်ဝန် ယီဗန်မာယူရာက
 ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ ရက် ပါရီအကြမ်းဖက်မှုကြီး အပြီးကတည်းက ဘယ်လ်ဂျီယံတွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ယခုသီတင်းပတ် အစောပိုင်းကလည်း အကြမ်းဖက်သမားဟု ယူဆရသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

အန်ကာရာတွင်မူ ဒီဇင်ဘာ ၃၀ ၌ တူရကီ ရဲတပ်ဖွဲ့က အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ဝင် နှစ်ဦးကို ပွဲတော်ရက်တွင် အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေမှုအတွက် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ၎င်းတို့သည် ဆီးရီးယားနှင့် နယ်စပ်မှတဆင့် တူရကီ နိုင်ငံထဲ ဝင်ရောက်လာပြီး လူစည်ကားရာ နေရာများတွင် နှစ်ယောက်ခွဲ၍ အကြမ်းဖက် တိုက်ခိုက်သွားရန် စီစဉ်ထားကြောင်းလည်း တူရကီ ရဲတပ်ဖွဲ့က ကြေညာထားသည်။


======================
251 / End