အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အမေရိကန်ပြည်ထောင်စု အပါအ၀င် Pacific Rim ပစိဖိတ်သမုဒ္ဒရာစွန်း ကျွန်းဒေသတ၀ိုက် နိုင်ငံ ၁၂ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးတွေဟာ နယူးဇီလန်နိုင်ငံမှာ စုဝေးပြီး နိုင်ငံစုံ ကုန်သွယ်ရေး သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
Trans Pacific Partnership – TPP (အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်) လက်မှတ်ရေးထိုးကြတဲ့ ၁၂ နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ နယူးဇီလန်၊ ဂျပန်၊ ကနေဒါ၊ မက္ကဆီကို၊ သြစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ ပီရူး၊ ချီလီ၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတို့ဖြစ်ပြီး ကုန်သွယ်မှုကို သိသိသာသာ မြှင့်တင်နိုင်မယ်လို့ ၀န်ကြီးတွေက ပြောကြားပါတယ်။
ဒီသဘောတူညီချက်ဟာ တကမ္ဘာလုံး ကုန်သွယ်မှု စုစုပေါင်းအရေအတွက်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံစေမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင် ကုန်သွယ်ရေး သဘောတူစာချုပ်တွေ ချုပ်ဆိုဆောင်ရွက်တဲ့ တရုတ်နိုင်ငံတော့ မပါဝင်ပါဘူး။
ဒီသဘောတူညီချက်ကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ကြမှာ မဟုတ်သေးဘဲ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် အတည်ပြုချက် ရယူကြဖို့ ဖြစ်ပါတယ်။ ၂ နှစ်တာ ကာလအတွင်းမှာ ဒီသဘောတူညီချက်ကို အတည်ပြု သို့မဟုတ် ပယ်ဖျက်တဲ့ ဆုံးဖြတ်ချက် ချကြရမှာ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံမှာ ပြည်သူအများအပြားက ဒီသဘောတူညီချက်ကို ဆန့်ကျင်နေကြပြီး လက်မှတ်ရေးထိုးတဲ့ အုတ်ကလန်ရိပ်သာအပြင်ဘက် လမ်းမတွေပေါ်မှာ ရာနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြကြပါတယ်။
မြို့တော် ၀ယ်လင်တန်မှာလည်း ကန့်ကွက်ဆန္ဒပြကြပါတယ်။
ထောက်ခံသူတွေကတော့ ဒီသဘောတူညီချက်ဟာ ကုန်သွယ်ရေးကို တိုးမြင့်စေပြီး အခွန်အများစုနဲ့ တခြားအတားအဆီးတွေကို ဖယ်ရှားပေးပြီး ပိုမိုပြီး သာတူညီမျှ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ဒီသဘောတူညီချက်ဟာ သမ္မတ ဘားရတ်အိုဘားမားရဲ့ ကုန်သွယ်ရေး အစီအစဉ်နဲ့ ဗဟိုချက်မဖြစ်ပြီး စီးပွားရေးအုပ်စုတွေနဲ့ ရီပတ်ဘလစ်ကန် အများအပြားက ထောက်ခံမှုကို ရထားပါတယ်။
ဒါပေမယ့် အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ခ်ျမက်ကောနယ်ကတော့ ဒီစာချုပ်ကို နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေပြီးမှာ အတည်ပြု၊ မပြု မဲခွဲသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် မစ်ချယ်ဖရိုမန်က ဒီသဘောတူညီချက်ကို လွှတ်တော်အမတ်တွေက နောက်ဆုံးမှာ အတည်ပြုလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကေးက ဒီသဘောတူညီချက် ရရှိအောင် ငါးနှစ်ကျော်လောက် စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် နိုင်ငံအတွက် ဂုဏ်ယူကြောင်း ပြောပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ နောက်ဆုံးမှာ ယုံကြည်မှု ရခဲ့ကြတာကို ကိုယ်စားပြုကြောင်းနဲ့ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ သာယာဝပြောမှုအတွက် အကောင်းရှုမြင်ကြောင်း ပြောပါတယ်။
================================
251/End