အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရပ်ဝန်းသတင်းနှင့် ယမန်နေ့က မြန်မာတိုင်းမ်သို့ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးပြောကြားသော သတင်းအရ ဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းရယူရေးအတွင်း ထိပ်တိုက်တွေ့မည့်လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် ရှောင်ရှားလိုက်သည်ဟု သိရသည်။
ဦးထင်ကျော်နှင့် ဦးမျိုးအောင်ကို သမ္မတနှင့် ဒုသမ္မတနေရာအတွက် ရွေးချယ်ရန် လျာထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သော အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံခြားရေးဝန်ကြီး နေရာယူဖွယ်ရှိနိုင်သည်။ ၎င်းရာထူးသည် သမ္မတနှင့် အနီးဆုံးနေရာတွင်ရှိပြီး၊ စစ်တပ်မှ ထိန်းချုပ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်နေမည်ဖြစ်သည်။ ထိုသို့အားဖြင့် လွှတ်တော်မှ သူမအား သမ္မတနေရာ ခန့်အပ်မှုအပါအ၀င် ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေပြင်ဆင်ရေးကိစ္စများအပေါ် စစ်တပ်နှင့် ရှေ့ဆက် စေ့စပ်ဆွေးနွေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သုံးကြိမ် တွေ့ဆုံပြီးသည်အထိ သူမ၏သမ္မတဖြစ်ရေးကို ပိတ်ဆို့ထားသော ဥပဒေနှင့် ပတ်သက်၍ မည်သည့်အဖြေမှ ပြတ်ပြတ်သားသား မရရှိခဲ့ချေ။ ဖေဖော်ဝါရီ ၁၇ ရက် တွေ့ဆုံမှုတွင်လည်း တင်းမာသယောင် ရှိခဲ့သည်။
လွန်ခဲ့သောရက်သတ္တပတ်များအတွင်း NLD မှ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေးကို လွှတ်တော်၌ မဲခွဲသည့်နည်းဖြင့် ကြိုးပမ်းသွားမည်ဟု ကောလဟလများ ပျံ့နှံ့ခဲ့ပြီး၊ ပါတီမှအရေးပါသူအချို့က ၎င်းကိုနှစ်သက်လက်ခံကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ မည်သည့် ဆုံးဖြတ်ချက်မျှ မချခဲ့ပေ။
သို့သော် မပြင်ဆင်နိုင်သည့်သဘောထားကို စစ်တပ်က ရှင်းလင်းစွာ ပြသခဲ့သည်။ ယခုရက်သတ္တပတ်အစောပိုင်း ရှမ်းပြည်နယ် ကလောစစ်တက္ကသိုလ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေကြောင်းအရ အခြေခံဥပဒေပြင်ဆင်ရေးတင်သွင်းချက်ကို စစ်တပ်မှ သုံးသပ်ရဦးမည်ဟု ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံဥပဒေဆိုင်းငံ့ရေး အဆိုပြုချက်ကို ဆန့်ကျင်ကာ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်အစိုးရအဖွဲ့ကို သမ္မတအဖြစ် ဦးဆောင်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်ကြောင်း၊ စစ်တပ်နှင့်ထိပ်တိုက်တွေ့မှုမှဖြစ်ပေါ်လာမည့်ဆိုးကျိုးကို ရှောင်လွှဲခြင်းဖြစ်ကြောင်း ၎င်းNLD ထိပ်တန်းခေါင်းဆောင်က ဆိုသည်။ သူမသည် အမျိုးသားရင်ကြားစေ့ရေးကိုသာကို ဦးစားပေးသွားမည်ဟု အစဉ်သဖြင့်ပြောဆိုချက်အတိုင်း NLD အဖွဲ့ဝင်မဟုတ်သူများကို လွှတ်တော်တွင် ပြောရေးဆိုခွင့်အား ပေးထား၏။
“သူတို့က ခုထက်ထိ ဘာအဆိုကိုမှ တင်သွင်းမှု မရှိသေးဘူး။ ဒါကိုကြည့်ခြင်းဖြင့် NLD က သူတို့ရဲ့အစီအစဉ်ကို ရုပ်သိမ်းဖွယ်ရှိပြီး သူတို့အမိန့်အောက်မှာရှိမယ့် သမ္မတကို အဆိုတင်သွင်းပါလိမ့်မယ်။ တည်ငြိမ်မှုပျက်ပြားစေမယ့် အန္တရာယ်လမ်းကြောင်းကို သူတို့ရွေးချယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို နောက်ကွယ်ကနေပဲ ဦးဆောင်မယ်လို့ ပြောခဲ့တာပေါ့” ဟု အာဏာပိုင်တစ်ဦးက ပြောကြားသည်။
ထိုအနေအထားအတိုင်း ရှေ့ဆက်လျှင်ပင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်နေရာယူရမည်ကို ခက်ခဲစွာ ဆုံးဖြတ်ရပေဦးမည်။
အကယ်၍ သူမသည် အစိုးရအဖွဲ့ဝင် ဖြစ်လာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ ပါတီလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့် မရှိတော့။ ၎င်းသည် သူမ၏ခေါင်းဆောင်မှုနှင့်ပတ်သက်၍ NLD အတွက် လတ်တလော စိန်ခေါ်ချက်တစ်ခုဖြစ်နေသည်။ သို့သော် သူမသည် အစိုးရအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းထိန်သည် ပါတီ၏ဦးစီးအဖြစ်လည်းကောင်း နေရာယူသွားဖွယ်ရှိသည်ဟု အဆိုပါအရင်းအမြစ်ထံမှ သိရသည်။
“သူမ နိုင်ငံခြားရေးဝန်ကြီးဖြစ်မယ်လို့ ကျွန်တော် အတိအကျတော့ မပြောနိုင်ဘူး။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်ချေ အရှိဆုံးပါပဲ။ ကျွန်တော့်ဖက်က ပြန်ပြောင်းသုံးသပ်ကြည့်ချက်အရ ဒေါ်စုဟာ ဦးဝင်းထိန်ကို ရွေးကောက်ပွဲ မ၀င်စေခဲ့တဲ့ အစီအမံကို တွေ့ရတယ်။ သူမကိုယ်စား ပါတီကို စီမံကိုင်တွယ်စေဖို့ ဖြစ်ပါလိမ့်မယ်”။
NLD ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူများကမူ ယမန်နေ့သတင်းကို အတည်ပြုရန် ငြင်းဆိုခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်လာမည်လော၊ သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည်လော ဟူသည့်မေးခွန်းအပေါ် ဦးဥာဏ်ဝင်းက “ဒီအရေးနဲ့ပတ်သက်ပြီး ကျွန်တော် မသိရှိထားလို့ ဘာသတင်းအချက်အလက်မှ မပေးနိုင်ပါဘူး” ဟု ဖြေကြားခဲ့သည်။
NLD အနေဖြင့် မတ်လ ၁၇ ရက် နောက်ဆုံးထား၍ လွှတ်တော်နှစ်ရပ်စလုံး၌ သမ္မတလောင်းအမည်စာရင်းများကို တင်သွင်းရမည်ဖြစ်သည်။ မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး မဲအများဆုံးရသူသည် သမ္မတ၊ ဒုတိယမဲအများဆုံးရသူသည် ဒုတိယသမ္မတဖြစ်လာပေမည်။ ဦးထင်ကျော်နှင့် ဦးမျိုးအောင်တို့နှစ်ဦးအနက် တစ်ဦးဦးမှာ သမ္မတ ဖြစ်လာနိုင်ကြောင်း၊ သို့သော် သက်တမ်းပြည့်တာဝန်ထမ်းဆောင်လိမ့်မည်မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စေ့စပ်ညှိနှိုင်းမှုအဆင်ပြေပါက ကာလအတိုင်းအတာတစ်ရပ်အတွင်း သမ္မတဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက မိမိနှင့်အခြားလွှတ်တော်အမတ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေလိုကြသည်၊ မဖြစ်နိုင်လျှင်လည်း သူမရွေးချယ်မည့် သူမ၏စီမံမှုအောက်က သမ္မတကို လက်ခံရန် အသင့်ရှိသည်၊ ယင်းကိစ္စကို ပါတီအတွင်း ဆွေးနွေးခြင်းမရှိသဖြင့် ထိုသူသည် မည်သူမည်ဝါဟု မသိရကြောင်း၊ သို့သော် ဦးထင်ကျော်၊ ဦးမျိုးအောင်နှင့် ဒေါ်စုကြည်၏မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း – တစ်ဦးဦးဖြစ်နိုင်သည်ဟု ညွှန်းဆိုဖော်ပြခံရကြာင်း ပြောကြားသည်။ ပါတီ၏တရားဝင်ပြောရေးဆိုခွင့်ရှိသူအတိုင်းပင် သူလည်း NLD ၏ အစီအမံကို မဆိုစလောက်သာ ပြောပြနိုင်၏။
“သူတို့နဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုသော်လည်း သူတို့အားလုံးက သမ္မတဖြစ်ဖို့ အရည်အချင်းပြည့်မှီသူတွေ ဖြစ်ကြပါတယ်”။
Ref: Myanmar Times
================================
251/End