အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဒီချုပ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီးနောက် ပြန်လည်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - စိုင်းဇော်)
အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန် ထမ်းဆောင်ရ တော့မည့် ဒေါ်အောင်ဆန်းစု ကြည်သည် လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက်ရတော့ မည်ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကို နောက်ဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် မတ်လ ၂၈ ရက်တွင် နေပြည်တော်လွှတ်တော်ဝင်းအတွင်း ပြုလုပ်ခဲ့ပြီး ပြည်သူများကို စိတ်ပျက်အောင် မလုပ်ရန် ကိုယ်စားလှယ်များအား အထူးမှာကြားခဲ့သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က နောက်ရက်အနည်းငယ်အတွင်း မှာ အစိုးရတာဝန်ယူရတော့မယ် ဆိုတော့ ပါတီအရေးကို ထဲထဲ ၀င်ဝင် လုပ်လို့မရတော့ဘူး။ မ လုပ်ရတော့တဲ့အတွက်ကြောင့်မို့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ အားလုံးကို နိုင်ငံရေးသဘောတ ရားတွေရယ်၊ နောက်ကို ဘယ်လို နေထိုင်စားသောက်ရမလဲဆိုတာ ရယ်၊ အရေးကြီးဆုံးက ပြည်သူလူ ထု စိတ်မပျက်အောင်လို့ ကိုယ့် မြို့အသီးသီးမှာ တာဝန်ကျေရ အောင် လုပ်နိုင်ဖို့ တိုက်တွန်းတာ ပါ’’ဟု တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများအား ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမှုသည် နေ့လယ် ၁၁ နာရီ ခွဲမှစတင်ကာ နာရီဝက်ခန့်ကြာ မြင့်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များအား အဓိကအားဖြင့် ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်များ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အားထုတ်လုပ်ဆောင်ရန် မှာကြားခဲ့သည်။
‘‘ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစု ကြည်)က အစိုးရအဖွဲ့ဝင်ဆိုရင် နောက်ပိုင်းလွှတ်တော်ကိုယ်စား လှယ်တွေနဲ့ အခုလိုတွေ့နိုင်တော့ မှာမဟုတ်ဘူး။ အဲဒီတော့ သူမ တွေ့နိုင်တဲ့ ကာလတွေမှာပြည်သူ တွေအကျိုးအတွက် အဓိကထား လုပ်ကြဖို့ မှာကြားတယ်။ ပြည်သူ တွေအပေါ်မှာ ထားခဲ့တဲ့ ကတိ တွေကို တည်နိုင်အောင်ကြိုးစား ကြဖို့၊ အားလုံးစည်းစည်းလုံးလုံးနဲ့ ပြည်သူ့အကျိုးအတွက် ဆက် လုပ်သွားဖို့ကိုမှာတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အစိုးရသစ်တွင် ဒေါ် အောင်ဆန်းစုကြည်သည် ပြည် ထောင်စုဝန်ကြီးအဖြစ် ပါဝင်မည် ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမ္မတရုံး ၀န်ကြီးဌာနတို့ကို တာဝန်ယူမည် ဖြစ်သည်။
လက်ရှိတွင်ဒေါ်အောင်ဆန်း စုကြည်သည် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ယူထား သူဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေ သကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရှိနေစဉ်က ဒေါ်အောင် ဆန်းစုကြည်သည် ၎င်း၏ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်လလျှင် တစ်ကြိမ် ပုံမှန်တွေ့ ဆုံကာ နိုင်ငံရေးအခြေအနေများ မှာကြားလေ့ရှိသည်။ သို့သော် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ပါက ပါတီနိုင်ငံရေးလုပ်ငန်းများ ၀င် ရောက်လုပ်ကိုင်ခွင့်ရတော့မည် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာ ၀န်ထမ်းဆောင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ် သည် လက်ရှိသမ္မတဦးသိန်းစိန် သက်တမ်းကုန်ဆုံးမည့် ယခုလ (မတ်လ ၃၀) နောက်ပိုင်းမှ စတင် ကာ နိုင်ငံကို ငါးနှစ်တာအုပ်ချုပ်ရ တော့မည်ဖြစ်သည်။