၅ ဩဂုတ် ၂၀၁၆ - ၁၆:၃၆
တိုင်းရင်းသားစာပေ ထွန်းကားရေး ဦးခင်အောင်မြင့် အစိုးရကို တိုက်တွန်း

တိုင်းရင်းသား မျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့် ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်း ချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တိုင်းရင်းသား မျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့် ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်း ချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။

ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ မန္တလေးတိုင်းဒေသကြီး အမှတ် ၈ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးခင်အောင်မြင့်က တိုင်းရင်းသားစာပေနှင့် စာတတ်မြောက်ရေး အဆိုတခုဖြင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းခဲ့သည်။

ယင်းအဆိုတင်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စုအားလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်း သား စည်းလုံးညီညွှတ်မှု ထာဝရ ခိုင်မြဲရေးတို့အတွက် ဖြစ်ကြောင်း ဦးခင်အောင်မြင့်က အမျိုးသား လွှတ်တော်တွင် ပြောကြားသည်။

“အသိ ဥာဏ်ပညာသည်သာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ခိုင်မြဲမှုအတွက် အဓိက သော့ချက်ပါ” ဟု ဦးခင်အောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံရေးတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးသည် အဓိကထားရမည့် အမျိုးသားရေးဖြစ်ပြီး အစိုးရ အဆက်ဆက်မှာလည်း ၄င်းကိစ္စနှင့်ပင် လုံးပမ်းခဲ့ရကြောင်း၊ တိုင်းရင်းသားများကြား ညှိနှိုင်းဆောင်ရွက်မှုများ အောင်မြင်၍ သဘောတူညီချက် စာချုပ်ချုပ်နိုင်ပါကလည်း ၄င်းစာချုပ်ကြောင့် အနာဂတ်တွင် လက်နက်ကိုင် ဆန့်ကျင်မှုများ မရှိတော့ဟု အာမခံနိုင်ခြင်း မရှိကြောင်းလည်း သူကဆိုသည်။

“အခု လက်မှတ်ရေးထိုးတာ အခုလူတွေသာ ဖြစ်တယ်။ နောက်လူတွေ လက်ထက်မှာ သဘောထား ပြောင်းချင် ပြောင်းမယ်။ ဆိုလိုတာ လက်မှတ်ထိုးတာဟာ အထိမ်းအမှတ် သဘောသာ ဖြစ်တယ်။ တိုင်းရင်းသားချင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့နဲ့ စည်းလုံးညီညွတ်မှသာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ဆန့်ကျင်တတ်တဲ့အကျင့် ပျောက်သွားပါလိမ့်မယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနက ကြီးကြပ်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများ ပူးပေါင်းပါဝင်သော ပညာရေးကဏ္ဍ ဦးစားပေးသည့် Radio Station များ တိုင်းရင်းသား ဒေသများတွင် ထူထောင်၍ စာသင်ချင်လာအောင် လှုံ့ဆောင်ခြင်း၊ စာသင်ပေးခြင်း၊ ဘာသာပြန်ဆောင်းပါးများ ထုတ်လွှင့်ပေးခြင်းတို့ဖြင့် အဝေးသင် ပညာရေးကို ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဟောင်းက ပြောသည်။

“ဒါက တွေးတော ကြံဆချက်တရပ်သာ ဖြစ်ပါတယ်။ ပညာရှင်တွေကတော့ နည်းလမ်း ပိုသိပါလိမ့်မယ်” ဟု သူက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်သည် တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးရမည် ဆိုသည့်အတိုင်း သူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က တိုင်းရင်းသားစာပေများ သင်ကြားခွင့်ရရှိရေးကို ကြိုးပမ်းပေးခဲ့သည်ဟုလည်း ဦးခင်အောင်မြင့်က ပြောဆိုသည်။

သို့သော် ဥပဒေအရ သင်ကြားခွင့်ရသည့်နောက် ချင်းပြည်နယ်တွင် ဘာသာစကား ၅၃ မျိုး ကွဲနေကြောင်း၊ လူမျိုးတမျိုးတည်း ဖြစ်သော်လည်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲသည့်အခါ အပြောစကားများ ကွဲသွားရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ စည်းလုံးညီညွတ်တဲ့ အမျိုးသား စိတ်ဓာတ် ရှိဖို့ လိုပါတယ်။ သွေးကွဲရင် အင်အားချိနဲ့ နိုင်ပါတယ်။ အားလုံး လက်ခံနိုင်တဲ့ Common Language တခုကို စုပေါင်း ညှိနှိုင်း ပြင်ဆင်ဖို့ လိုပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

တိုင်းရင်းသား မျိုးနွယ်စုတို့အနက် တချို့မှာ ကိုယ်ပိုင် အက္ခရာရှိသော်လည်း ဖတ်စရာ မရှိလျှင် ထိုအက္ခရာသည် အကျိုးမများလှကြောင်း၊ ထို့ကြောင့် ဘာသာပြန် လုပ်ငန်းများကို အားပေးမြှင့်တင်ရန် လိုအပ်သကဲ့သို့ တိုင်းရင်းသား၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ ပါဝင်သည့် အဘိဓာန်များ ပြုစုခြင်း၊ စွယ်စုံကျမ်းများ ပြုစုခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ဆွေးနွေးခဲ့သည်။
===================
251 / End