အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် အခြေစိုက်သည့် အိုင်အက်စ် အဖွဲ့ခွဲ၏ ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က တရားဝင် ကြေညာခဲ့သည်။
ဟာဖစ်ဖ်ဆာ့ဒ်ခန်းသည် ပြီးခဲ့သည့်လအတွင်း လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးသွားကြောင်း ဩဂုတ် ၁၂ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့သည်။ ခန်းသည် ယခင်ကလည်း သေဆုံးကြောင်း ကောလာဟလများ ထွက်ခဲ့ဖူးသည့်တိုင် ယခုအခါတွင်မှ အမေရိကန်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က နန်ဂါဟာ ဒေသအနီးတွင် အမေရိကန်၏ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှု တစ်ခုအတွင်း ခန်းသေဆုံးကြောင်း ပါကစ္စတန် ထောက်လှမ်းရေးက ကြေညာခဲ့ဖူးသော်လည်း ထိုစဉ်ကတည်းက အိုင်အက်စ်တို့က မိမိတို့ ခေါင်းဆောင်သည် သက်ရှိထင်ရှား ရှိနေဆဲဟု တုံ့ပြန်ခဲ့သည်။
သို့သော် ဇူလိုင် ၂၆ ရက်တွင်မူ နန်ဂါဟာရှိ အာချင်ရပ်ကွက်၌ အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုက ပစ်မှတ်ကို တိကျစွာ ချေမှုန်းနိုင်ခဲ့ပြီး ခန်းကို သုတ်သင်နိုင်ခဲ့ကြောင်း ပင်တဂွန်က ကြေညာသည်။ အာဖဂန်တွင် အိုင်အက်စ်၏ အဆိုးရွားဆုံး သွေးထွက်သံယို တိုက်ခိုက်မှု ဖြစ်ပွားပြီး ၃ ရက်အကြာတွင် ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ကဘူးလ်မြို့တော် အနီးတွင် ရှီးဟိုက်မွတ်ဆလင်များ စုရုံးနေသည့် နေရာတစ်ခုကို အိုင်အက်စ်တို့က တိုက်ခိုက်ရာ လူပေါင်း ၈၀ သေဆုံးပြီး ၂၃၀ မျှ ဒဏ်ရာရခဲ့သည်။
ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဂေါ်ဒွန်ထရိုးဘရစ်ဂ်ျက “ခန်းဟာ အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့တွေကို တိုက်ရိုက် ရန်ပြုတိုက်ခိုက်နေသူ တစ်ယောက်ဖြစ်ပါတယ်။ အာဖဂန်မှာ၊ အထူးသဖြင့် နန်ဂါဟာမှာ သူ့ရဲ့ အကြမ်းဖက် ကွန်ရက်တွေ တည်ဆောက်ထားပါတယ်”ဟု ဆိုသည်။ ၎င်းက ခန်းကို လေကြောင်းမှ တိုက်ခိုက် သုတ်သင်ခဲ့သည်ဟု ဆိုသော်လည်း မောင်းသူမဲ့ လေယာဉ်ကို အသုံးပြုခဲ့ခြင်း ဟုတ်မဟုတ် တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။
အိုင်အက်စ်တို့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် အင်အား ယုတ်လျော့လာပြီးနောက် အခြားသော ဒေသများတွင် ၎င်းတို့၏ အဖွဲ့ခွဲများကို ဖြန့်ကျက်ထူထောင်ရန် အားထုတ်လာရာ အာဖဂန်နှင့် ပါကစ္စတန်တွင်လည်း သစ္စာခံများကို စုရုံးသိမ်းသွင်းခဲ့သည်။ အဆိုပါ ဒေသတွင် အခြားစစ်သွေးကြွများ ဖြစ်ကြသည့် တာလီဘန်တို့လည်း လှုပ်ရှားနေပြီး အိုင်အက်စ်နှင့် တာလီဘန်တို့ အကြားတွင်လည်း အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
===================
251 / End