အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိုဟမ္မဒ် ဆွာလေဟ် ဂျိုကာ အီရန်လွှတ်တော် အကြီးတန်းအမတ်တစ်ဦးက အမေရိကန် သို့မဟုတ် အစ္စရေးတို့က အီရန်ကို ထပ်မံစစ်ရေးတိုက်ခိုက်လာပါက ထိုနှစ်နိုင်ငံအပေါ် နျူကလီးယားလက်နက် အသုံးပြုရေးကို စဉ်းစားသင့်ကြောင်း အီရန်ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားပါတယ်။
သတင်းများအရ ဂျိုကာသည် အင်တာဗျူးတစ်ခုအတွင်း အီရန်နိုင်ငံကို ကာကွယ်ရန်နှင့် အမေရိကန်၏ အနာဂတ်စစ်ရေးတိုက်ခိုက်မှုများကို ဟန့်တားရန်အတွက် နျူကလီးယားလက်နက်များအပါအဝင် အင်အားကြီးမားသော ဟန့်တားရေးလက်နက်များ အသုံးပြုခွင့်ကို အီရန်အာဏာပိုင်များက ခွင့်ပြုပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်လွှတ်တော်၏ ပြည်တွင်းရေးရာကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဂျိုကာ သည် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်ဖြစ်သော ကြာသပတေးနေ့တွင် ယခုကဲ့သို့ ပြောကြားခဲ့သည်ဟု ဆိုပါတယ်။
တစ်ချိန်တည်းတွင် အမေရိကန်၏ ထပ်မံတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အရ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းထားနိုင်ရေးနှင့် ပတ်သက်၍လည်း အီရန်အတွင်း တောင်းဆိုမှုများ ပေါ်ပေါက်နေပါတယ်။
ထို့အပြင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ နယ်မြေ သို့မဟုတ် လေပိုင်နက်ကို အသုံးပြုခွင့်ပေးသည့် နိုင်ငံများသည် ပြင်းထန်သော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟုလည်း အဆိုပါလွှတ်တော်အမတ်က သတိပေးခဲ့ပါတယ်။
ထိုနိုင်ငံများက အီရန်၏ ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို တီဟီရန်အစိုးရအနေဖြင့် လျစ်လျူရှုထားမည်မဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment