အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်ရ်သတင်းဌာန၏ ဖော်ပြချက်အရ ဥရုဂွေးနိုင်ငံထုတ် လာဒီယာရီးယား (La Diaria) သတင်းစာက အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ဘရော့ဒ်ဖရန့် (Broad Front) လက်ဝဲဝါဒီမဟာမိတ်အဖွဲ့ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ထရမ့်၏ ရှုံးနိမ့်မှုနှင့် ရီပတ်ဘလီကန်ပါတီ၏ လွှတ်တော်အများစုအာဏာ ဆုံးရှုံးမှုကို အမေရိကန်၏ တစ်ဖက်သတ်မူဝါဒများ အားနည်းလာခြင်း၏ အစအဖြစ် ရှုမြင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဆိုပါမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖာနန်ဒို ပေရဲရာ (Fernando Pereira) က သတင်းစာရှင်းလင်းပွဲတွင် ယင်းရလဒ်သည် လူသားအားလုံးအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်သည် တောင်အမေရိကနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည့်အပြင် အကောက်ခွန်များဖြင့် ဖိအားပေးကာ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးလုံခြုံမှုကို ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဝေဖန်ခဲ့ပါတယ်။
ထို့ပြင် ယင်းရှုံးနိမ့်မှုသည် ထရမ့်၏ ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာ မူဝါဒအမှားများအပေါ် အမေရိကန်ပြည်သူများက ပြတ်သားစွာ တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
ဘရော့ဒ်ဖရန့်အဖွဲ့မှ အထက်လွှတ်တော်အမတ်များဖြစ်သည့် ကွန်စတန်ဆာ မိုရေးရာ (Constanza Moreira) နှင့် ဂူစတာဗို ဂွန်ဇာလက်ဇ် (Gustavo González) တို့ကလည်း ယင်းဖြစ်ရပ်သည် ကမ္ဘာတစ်ဝန်းရှိ အစွန်းရောက်လက်ယာဝါဒီများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။
ထို့အပြင် ဘရာဇီးနိုင်ငံတွင် လူလာ ဒါဆေးလ်ဗား (Lula da Silva) အနိုင်ရရှိခဲ့သည့် ဖြစ်စဉ်နှင့်လည်း ဆက်စပ်နေကြောင်း သုံးသပ်ခဲ့ကြပါတယ်။
မိုရေးရာ၏ အဆိုအရ ထရမ့်၏ နိုင်ငံရေးလူကြိုက်များမှု ကျဆင်းလာခြင်းသည် အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေး (Javier Milei) ၏ အစိုးရနှင့် ဘရာဇီးနိုင်ငံရှိ ဘော်လ်ဆိုနာရို (Bolsonaro) လှုပ်ရှားမှုကဲ့သို့ ထရမ့်နှင့် နီးစပ်သည့် လက်ယာဝါဒီအင်အားစုများကိုလည်း အားနည်းစေနိုင်ကြောင်း သိရပါတယ်။
သို့သော် ဂွန်ဇာလက်ဇ်က လက်ယာဝါဒီဝါဒကို အမှန်တကယ် တားဆီးနိုင်ရန် လက်ဝဲဝါဒီများအနေဖြင့် အရင်းရှင်စနစ်အတွင်းရှိ မညီမျှမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
နိုင်ငံတကာဆက်ဆံရေး လေ့လာသုံးသပ်သူများနှင့် စီးပွားရေးပညာရှင်များ၏ အဆိုအရ အမေရိကန်ပြည်သူများအကြား ကုန်ဈေးနှုန်းမြင့်တက်မှု၊ နိုင်ငံတကာစစ်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကုန်ကျစရိတ်များနှင့် တက္ကဆက်ပြည်နယ်အပါအဝင် နေရာအချို့တွင် တင်းကျပ်လွန်းသည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများအပေါ် မကျေနပ်မှုများ မြင့်တက်လာခြင်းသည် ယခုနိုင်ငံရေးအပြောင်းအလဲ၏ အဓိကအကြောင်းရင်းများဖြစ်ပါတယ်။
ကျွမ်းကျင်သူများကလည်း ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်းကျန်ကာလအတွင်း ကွန်ဂရက်လွှတ်တော်၏ တင်းကျပ်သည့် ကြီးကြပ်မှုကို ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ကြပါတယ်။
အစိုးရ၏ အောင်မြင်မှုကို သက်သေပြနိုင်ရန် ကုန်သွယ်ရေးမူဝါဒများကို ပျော့ပြောင်းစေပြီး ကုန်သွယ်ရေးစစ်ပွဲများ၏ တင်းမာမှုကို လျှော့ချရနိုင်သဖြင့် ကမ္ဘာ့စွမ်းအင်နှင့် အခြေခံစားသောက်ကုန်ဈေးကွက်များတွင် တည်ငြိမ်မှုအချို့ ရရှိလာနိုင်ကြောင်း ၎င်းတို့က ဆိုပါတယ်။
အခြားတစ်ဖက်တွင် ဥရုဂွေးနိုင်ငံ၏ အမျိုးသားပါတီ (National Party) မှ ဝါရင့်ခေါင်းဆောင် အယ်လ်ဘာတို ဗိုလိုန်တေး (Alberto Volonté) ကလည်း ယင်းရလဒ်သည် ဥရုဂွေးနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အလွန်အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့သည်။ ကုန်ဈေးနှုန်းနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းကြောင့် အမေရိကန်ပြည်သူများက ထရမ့်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပါတယ်။
ထို့အပြင် ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်နိုင်လာပါက ၂၀၂၅ ခုနှစ်တွင် ဥရုဂွေးနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသော မြင့်မားသည့် အကောက်ခွန်များ လျှော့ချနိုင်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးအခြေအနေများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းခဲ့ပါတယ်။
သို့ရာတွင် ကိုလိုရာဒိုပါတီ (Colorado Party) မှ အထက်လွှတ်တော်အမတ် အန်ဒရက်စ် အိုခေဒါ (Andrés Ojeda) ကမူ အမြင်ကွဲပြားစွာ တုံ့ပြန်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဏာရပါတီ ရှုံးနိမ့်ခြင်းသည် အမေရိကန်နိုင်ငံရေးသမိုင်းတွင် ပုံမှန်တွေ့ရသည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ယင်းအပြောင်းအလဲကြောင့် ဝါရှင်တန်အစိုးရ၏ အလုံးစုံမူဝါဒဦးတည်ချက် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment