အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏ အစီရင်ခံစာအရ အာယသွလ္လာဟ် အလ်အွဇ်မာ မကာရင်မ် ရှီရာဇီသည် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမိုလ္လာဟ်အလိုင်းဟာ) ၏ ရှဟာဒသ် အထိမ်းအမှတ်အဖြစ် အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မဒ်ရဆာတွင် ကျင်းပပြုလုပ်သည့် အဇါဒါရီ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ထိုမိန့်ခွန်းတွင် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမိုလ္လာဟ်အလိုင်းဟာ) ၏ ပညာရပ်ဆိုင်ရာ အဆင့်အတန်း၊ မွတ်စလင်မ်များ၏ ကာကွယ်ရေးစွမ်းအားနှင့် ပြည်သူများ၏ စီးပွားရေးပြဿနာများအပါအဝင် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးမိန့်ကြားခဲ့ပါတယ်။
ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမိုလ္လာဟ်အလိုင်းဟာ) ၏ ပညာရပ်ဆိုင်ရာ အဆင့်အတန်းနှင့်ပတ်သက်၍ မိန့်ကြားရာတွင် ကိုယ်တော်မြတ်၏ ထူးကဲမြင့်မြတ်သော ဂုဏ်ရည်များအနက် အထင်ရှားဆုံးမှာ မြင့်မားလှသည့် ပညာရပ်ဆိုင်ရာ အဆင့်အတန်းဖြစ်ကြောင်း၊ ယင်းကို နားလည်သဘောပေါက်နိုင်ရန် ခွတ်ဗဟ် ဖဒကီယာ (ဖဒက်ဒ်ဒေသဆိုင်ရာ မိန့်ခွန်း) ကို လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ထိုခွတ်ဗဟ်တော်တွင် စကားပြောဆိုမှု၏ အာဝဇ္ဇန်းကောင်းမွန်မှု၊ စကားလုံးအသုံးအနှုန်း၏ လှပပြည့်စုံမှုနှင့် အကြောင်းအရာများကို ခိုင်မာစနစ်တကျ စီစဉ်တင်ပြထားမှုတို့သည် အလွန်ထူးခြားကြောင်း၊ အကြောင်းအရာတစ်ခုစီသည် အခြားအကြောင်းအရာတစ်ခုကို ပြည့်စုံစေသည့် သဘောရှိကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။
ထို့ပြင် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမိုလ္လာဟ်အလိုင်းဟာ) သည် မိမိ၏ ခွတ်ဗဟ်တော်ကို အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းနှင့် အရှင်မြတ်၏ ကြီးမြတ်တော်မူမှုအကြောင်း ဖော်ပြခြင်းဖြင့် စတင်ခဲ့ကြောင်း၊ ထို့နောက် မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) ၏ အဆင့်အတန်း၊ ကျမ်းမြတ်ကုရ်အာန်၏ အရေးပါမှုနှင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များတွင် ပါဝင်သော ပညာရပ်ဆိုင်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ကြောင်း မိန့်ကြားခဲ့သည်။ ထို့အပြင် မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) သည် အစ္စလာမ်သာသနာအတွက် ကြိုးပမ်းအားထုတ်ခဲ့မှု၊ ရုပ်တုကိုးကွယ်မှုကို ဖယ်ရှားခဲ့မှုနှင့် မတရားသူများကို ရင်ဆိုင်ရာတွင် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းမှုများကိုလည်း ပြန်လည်သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အာယသွလ္လာဟ် မကာရင်မ် ရှီရာဇီက မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) ၏ နောက်ဆုံးနေ့ရက်များတွင် စာရေးကိရိယာနှင့် မင်တံကို တောင်းခံခဲ့သည့် ဖြစ်ရပ်ကိုလည်း ရည်ညွှန်းမိန့်ကြားခဲ့သည်။ ထိုအချိန်တွင် တမန်တော်မြတ်ကြီးသည် အွမ္မသ်တော်အတွက် အရေးကြီးသည့် စာတမ်းတစ်စောင် ရေးသားစေလိုကြောင်း ဖော်ပြခဲ့သော်လည်း အချို့သူများက ယင်းကို တားဆီးခဲ့ကြောင်း မိန့်ကြားခဲ့သည်။ ထိုဖြစ်ရပ်ကို ဆွဟီးဟ် ဘိုခါရီကျမ်းတွင်လည်း ဖော်ပြထားကြောင်း ဆိုခဲ့သည်။ ထိုသို့သော အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကြားမှ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမိုလ္လာဟ်အလိုင်းဟာ) သည် ဤမျှ ခိုင်မာပြည့်စုံပြီး အာဝဇ္ဇန်းကောင်းမွန်သော ခွတ်ဗဟ်တော်ကို ဟောကြားနိုင်ခဲ့ခြင်းသည် ကိုယ်တော်မြတ်၏ တုနှိုင်းမဲ့မြင့်မားသော ပညာရပ်ဆိုင်ရာ အဆင့်အတန်းကို သက်သေပြနေကြောင်း မိန့်ကြားခဲ့သည်။
မိန့်ခွန်း၏ ဒုတိယပိုင်းတွင် အာယသွလ္လာဟ် မကာရင်မ် ရှီရာဇီက စူရဟ် အန်ဖာလ်၏ အာယသ်တော် အမှတ် ၆၀ ကို ကိုးကား၍ ထိုအာယသ်တော်တွင် မွတ်စလင်မ်များအတွက် အရေးကြီးသည့် လမ်းညွှန်ချက် သုံးချက် ပါဝင်ကြောင်း မိန့်ကြားခဲ့သည်။
ပထမအချက်မှာ ရန်သူကို ရင်ဆိုင်ရန် မိမိတို့ တတ်စွမ်းနိုင်သမျှ အစွမ်းကုန် ပြင်ဆင်ထားရမည်ဖြစ်သည်။ ဒုတိယအချက်မှာ ထိုပြင်ဆင်မှုသည် ကဏ္ဍအားလုံးတွင် ပြည့်စုံစွာ ရှိရမည်ဖြစ်သည်။ တတိယအချက်မှာ မွတ်စလင်မ်များ၏ အင်အားသည် ရန်သူများက ၎င်းတို့ကို ကြောက်ရွံ့ထိတ်လန့်ရလောက်အောင် ခိုင်မာအားကောင်းနေရမည်ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်သည် မွတ်စလင်မ်များအား ကာကွယ်ရေးစွမ်းအားနှင့် ရန်သူကို ရင်ဆိုင်နိုင်သည့် ထိရောက်သော အင်အားကို ပိုင်ဆိုင်ထားရန် အမိန့်ပေးထားကြောင်း၊ ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်ပေါ့ဆမှုမျိုးမျှ မရှိသင့်ကြောင်း မိန့်ကြားခဲ့သည်။
အာယသွလ္လာဟ် မကာရင်မ် ရှီရာဇီက အီရန်နိုင်ငံအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ဂုဏ်သိက္ခာရှိသော အစ္စလာမ်နိုင်ငံတစ်နိုင်ငံတွင် ပြည်သူများအနေဖြင့် ဂုဏ်သိက္ခာရှိရှိနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ခွင့် ရှိသင့်ကြောင်း မိန့်ကြားခဲ့သည်။ နေ့စဉ် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် စိုးရိမ်ပူပန်မှုအသစ်များကို ရင်ဆိုင်နေရခြင်းမျိုး မဖြစ်သင့်ကြောင်းလည်း ဆိုခဲ့သည်။
ပြည်သူများအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များကို သင့်လျော်သည့် နည်းလမ်းဖြင့် အစိုးရထံ တင်ပြသင့်ကြောင်း၊ တစ်ဖက်တွင်လည်း အစိုးရ၏ တာဝန်မှာ စီးပွားရေးကိစ္စရပ်များနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ထိရောက်စွာ ကြီးကြပ်ထိန်းသိမ်းရန်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ထို့ပြင် ညပိုင်း လူထုစုဝေးပွဲများတွင် ပြည်သူများ အဆက်မပြတ် ပါဝင်တက်ရောက်နေမှုကို ချီးကျူးမိန့်ကြားခဲ့ပြီး ပြည်သူများ၏ ပါဝင်မှုသည် တစ်ညနှစ်ညမျှသာ မဟုတ်ဘဲ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ၎င်းတို့သည် စိတ်အားထက်သန်မှုအပြည့်ဖြင့် ဆက်လက်ပါဝင်နေကြကြောင်း မိန့်ကြားခဲ့သည်။ ဤသို့သော ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် နိုင်ငံတော်စနစ်ကို ပိုမိုခိုင်မာအားကောင်းစေကြောင်းလည်း ပြောကြားခဲ့သည်။
နောက်ဆုံးတွင် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူများ၏ ထောက်ခံအားပေးမှုကို မိမိတို့၏ တာဝန်တစ်ရပ်အဖြစ် ခံယူကြရန်နှင့် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် လက်တွေ့ကျသော အစီအမံများ ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။ ပြည်သူများကို အမှန်တကယ် တန်ဖိုးထားကြောင်း ပြသခြင်းဆိုသည်မှာ စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့ကို အထီးကျန်စွာ ပစ်မထားခြင်းပင်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment