၂၁ ဧပြီ ၂၀၁၃ - ၁၉:၃၀
သီရိလင်္ကာနိုင်ငံ နှင့် အစ္စလာမ်သာသနာ

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာ

သီရိလင်္ကာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များသည် နိုင်ငံ့လူဦးရေ၏ ၉.၇%မျှသာရှိသော လူနည်းစုလူ့အဖွဲ့အစည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ သန်းခေါင်စာရင်းအရ ၁,၉၆၇,၂၂၇ ဦး ရှိသည်။ မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၌ လူမျိုးစု သုံးစုခွဲခြားနိုင်သည်။ သီရိလင်္ကာဒေသခံMoors၊ (တမီလ် အပါအ၀င်) အိန္ဒိယနွယ်ဖွား မွတ်စ်လင်မ်များ နှင့် မလေးအနွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထံတွင် သက်ဆိုင်ရာသမိုင်းကြောင်း နှင့် ဓလေ့ထုံးတမ်းများ ကိုယ်စီရှိကြသည်။

 

သီရိလင်္ကာနိုင်ငံ မှ အစ္စလာမ့်သမိုင်းကြောင်း ======================= အေဒီ ၈ ရာစုတွင် သီရိလင်္ကာသို့ အာရဗ်ကုန်သည်များ ရောက်ရှိချိန်မှစ၍ အစ္စလာမ်သာသနာ စတင်ပြန့်ပွားလာကြောင်း ၁၉၈၁ နှင့် ၂၀၀၁ ခုနှစ်ရေးမှတ်တမ်းများက ဖော်ပြသည်။ အစ္စလာမ်သာသနာအား မိမိသဘောအလျောက် သက်ဝင်လက်ခံလာသော ဒေသခံအမျိုးသမီးများနှင့် အာရဗ်ကုန်သည်များက အိမ်ထောင်ထူခဲ့ကြသည်။ အစ္စလာမ့် အသိုင်းအ၀ိုင်းသည် ထိုအချိန်မှ စတင်ဖြစ်တည်လာသည်။ ၁၅ ရာစုသို့ရောက်သော် အာရဗ်ကုန်သည်များသည် သီရိလင်္ကာအပါအ၀င် အိန္ဒိယသမုဒ္ဒရာ နယ်ပယ်၏ကုန်သွယ်ရေး၌ ပေါက်ရောက်လာကြသည်။ ယင်းကုန်သည် အများအပြားတို့သည် လင်္ကာကျွန်းပေါ် အခြေစိုက် နေထိုင်လာကြပြီး အစ္စလာမ်ကို ဖြန့်ချိခဲ့ကြသည်။ သို့သော် ၄င်းတို့မှ ဆင်းသက်လာသည့် သီရိလင်္ကာဒေသခံ မွတ်စ်လင်မ်လူမျိုးစု Moors တို့သည် ၁၆ ရာစုတွင် ကျူးကျော်ဝင်ရောက်လာသော ပေါ်တူဂီတို့၏ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရသည်။ ထိုအခါ သီရိလင်္ကာရှိ အရှေ့ပိုင်းပြည်နယ်နှင့် ဗဟိုကုန်းမြင့်ဒေသများ၌ ဆင်ဟာလီဘုရင် စီနာရတ်က မွတ်စ်လင်မ်တို့အား ခိုလှုံခွင့် ပေးခဲ့သည်။

 

သိရလင်္ကာမှ ဗလီဝတ်ကျောင်းတော် တခု

 

၁၈ ရာစုနှင့် ၁၉ ရာစုနှစ်များအတွင်း မင်းမူအုပ်ချုပ်နေသော ဒတ်ခ်ျ နှင့် ဗြိတိသျှ အစိုးရများက ဂျာဗားကျွန်းသား မွတ်စ်လင်မ်များ၊ မလေးမွတ်စ်လင်မ်များကို ခေါ်သွင်းလာခဲ့သဖြင့် သီရိလင်္ကာ၌ မွတ်စ်လင်မ်ဦးရေ တိုးပွားလာသည်။ ၄င်းတို့၏ အဆက်အနွယ် (ယခု – သီရိလင်္ကာ မလေးလူမျိုး)တို့သည် သီရိလင်္ကာဒေသခံ Moors တို့၏ အစ္စလာမ့်ထုံးတမ်းအတိုင်း လက်ခံနေထိုင်ခဲ့သည်။ ယင်းသို့ ရောယှက်လာသော အစ္စလာမ့်ယဉ်ကျေးမှုဖြင့် ကျွန်းပေါ်တွင် အခြားမွတ်စ်လင်မ် အုပ်စုများလည်း တစ်သားတည်းကျသွားခဲ့သည်။

 

၁၉ ရာစု နှင့် ၂၀ ရာစုနှစ်များအတွင်း အိန္ဒိယမှ မွတ်စ်လင်မ်များ ရောက်ရှိလာသောအခါ သီရိလင်္ကာ၌ အစ္စလာမ်သာသနာ ပို၍ ကြီးထွားလာသည်။ ထင်ရှားသောအဆိုအရ ပါကစ္စတန် နှင့် အိန္ဒိယတောင်ပိုင်း မွတ်စ်လင်မ်များက ရှီအဟ် နှင့် ဟနဖီ အတွေးအခေါ်လမ်းကြောင်းအား သီရိလင်္ကာသို့ သယ်ဆောင်လာခဲ့သည်။ ကျွန်းပေါ်ရှိ မွတ်စ်လင်မ်အများစုကမူ စွန္နီလမ်းကြောင်းမှ အစ္စလာမ့်ကျင့်ထုံးများကို ယနေ့တိုင် လိုက်နာကျင့်သုံးနေဆဲဖြစ်သည်။

 

လက်ရှိသမယတွင် သီရိလင်္ကာရှိ မွတ်စ်လင်မ်တို့အား မွတ်စ်လင်မ်ရေးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဌာနမှ ကိုင်တွယ်ထားသည်။ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအပေါ် အခြားသော သီရိလင်္ကာ အသိုင်းအ၀ိုင်းများ၏ မပြတ်ဖယ်ကြဉ်ခြင်းကို ကာကွယ်ရန် ၄င်းဌာနအား ၁၉၈၀ ခုနှစ်များက ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်သည်။ ယခုအခါ သီရိလင်္ကာသား ၁၀% ခန့်မှာ အစ္စလာမ်သာသနာဝင်များဖြစ်ပြီး ၊ ဗလီဝတ် ကျောင်းတော်ပေါင်း ငါးထောင်နီးပါးမျှ ရှိသည်။ ဗလီဝတ် ကျောင်းတော်များ၌ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအသီးသီးရှိ၍ သက်ဆိုင်ရာ အသိုင်းအ၀ိုင်း၏ အရေးအရာများကို ဆောင်ရွက်လျက်ရှိသည်။ သီရိလင်္ကာရှိ မွတ်စ်လင်မ် အများစုမှာ Moor  နှင့် မလေးလူမျိုးစုလူ့အဖွဲ့အစည်းများဖြစ်ကာ တမီလ်ကဲ့သို့ အခြားလူမျိုးနွယ်များမှ အစ္စလာမ် လက်ခံလာသူများ အချို့လည်း ရှိနေကြသည်။ အဟ်မဒီယာ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းကို သီရိလင်္ကာ၌ ၁၉၁၅ ခုနှစ်တွင် စတင်တည်ထောင်သည်။

 

၂၀ ရာစုတွင် ရိုက်ကူးထားသော သိရိလင်္ကာ Moor လူမျိုး မွတ်စလင်မ်များ

 

သီရိလင်္ကာဒေသခံ Moor လူမျိုးစု ================= သီရိလင်္ကာဒေသခံ Moor လူမျိုးစုတို့သည် မွတ်စ်လင်မ် လူဦးရေ၏ ၉၂ %၊ နိုင်ငံ့လူဦးရေ၏  ၉.၇ % ရှိသည်။ ၄င်းတို့အများစုမှာ စွန္နီမွတ်စ်လင်မ် အုပ်စုဝင်များဖြစ်ကာ ရှာဖိအီ အတွေးအခေါ် လမ်းကြောင်းကို လက်ကိုင်ပြုထားကြသည်။ ၄င်းတို့၏ဘိုးဘေးများဖြစ်သော အာရဗ်တို့၏ အရဗီဘာသာစကားကို ပြောဆိုခြင်း မရှိကြတော့ချေ။ သို့သော် နေ့စဉ်သုံးဝေါဟာရ နှင့် အသုံးအနှုန်းများ၌ ပါဝင်နေဆဲဖြစ်သည်။ Moor တို့သည် ပျောက်ကွယ်သွားပြီဖြစ်သော အရ်ဝီ ကို မိမိတို့၏မိခင်ဘာသာ စကားအဖြစ် ခံယူကြသည်။ ယခုအခါ သီရိလင်္ကာ အရှေ့ပိုင်းရှိ Moor တို့သည် အရဗီ စကားလုံးများစွာ စိမ့်ဝင်နေသည့် တမီလ်စကားကို အဓိကထားပြောဆိုကြသည်။ အနောက်ပိုင်းရှိ Moor တို့ကမူ သီရိလင်္ကာရှိ လူများစုဆင်ဟာလီတို့ပြောဆိုသော ဆင်ဟာလာ စကားကို ကျွမ်းကျင်စွာ အသုံးပြုပြောဆိုကြသည်။ ၄င်းဘာသာစကားသည် အင်ဒို-ဥရောပ အနွယ်များ၏ ဘာသာစကား ဖြစ်သည်။ မိမိတို့လူ့အဖွဲ့အစည်းအတွင်း၌ အင်္ဂလိပ်ဘာသာ စကားကိုလည်း အသုံးပြုကြ၏။ Moor တို့သည် ဘာသာစကားအမျိုးမျိုးကို မရောထွေးမပေါင်းစပ်ဘဲ ပြောဆိုသည့် ဘာသာရေးအုပ်စုဖြစ်နေသည်။

 

သီရိလင်္ကာဒေသခံ Moor တို့သည် ကမ်းရိုးတန်းကုန်သွယ်ရေး၊ စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည်။ အရှေ့တောင်အာရှဓလေ့များစွာ ပါဝင်နေသည့် အစ္စလာမ့်ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်းထားကြသည်။ ပေါ်တူဂီကိုလိုနီခေတ်ကာလတွင် နှိပ်စက်ညှင်းပန်းခံရသဖြင့် ဗဟိုကုန်းမြင့်ဒေသများနှင့် မိမိတို့အဆက်အနွယ်များရှိသော အရှေ့ပိုင်းသို့ တအုံတကျင်း ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

 

အရှေ့ဖက်ကမ်းရိုးတန်းမှ Moor များ =================== အရှေ့ဖက်ကမ်းရိုးတန်းဒေသတွင် နေထိုင်သူအများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ ၄င်းတို့သည် ပေါ်တူဂီကိုလိုနီခေတ်အတွင်း ဆင်ဟာလီဘုရင် စီနာရတ်မှ ချီးမြှင့်ပေးထားသော နယ်မြေများ၌ အခြေချနေထိုင်လာသူများဖြစ်သည်။ လယ်ယာ၊ ငါးဖမ်း၊ ကုန်ကူး လုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၀၇ ခုနှစ်သန်းခေါင်စာရင်းအရ ယင်းဒေသရှိ Moor လူမျိုးစုတစ်ခုတည်း ကပင် နိုင်ငံလူဦးရေ ၅ % အထိရှိသည်။

 

အနောက်ဖက်ကမ်းရိုးတန်းမှ Moor များ ===================== ဤဒေသရှိ Moor တို့သည် ကုန်သည်များ၊ ပညာရှင်များ၊ အစိုးရ၀န်ထမ်းများဖြစ်ပြီး Colombo၊ Kalutara၊ Beruwala၊ Puttalam၊ Jaffna နှင့် Mannar မြို့များတွင် အဓိကနေထိုင်ကြသည်။ အလယ်ပိုင်းဒေသနှင့်ဤဒေသရှိ Moor တို့သည် အာရဗ်နှင့်အရှေ့အလယ်ပိုင်းဓလေ့အတိုင်း မိမိတို့၏အမည်များတွင် ဖခင်ဖက်မှအမည်ကို ထည့်သွင်းဖော်ပြလေ့ရှိသည်။

 

၁၉ ရာစုမှ သိရလင်္ကာ-မလေး သားအဖကိုတွေ့ရစဉ်