အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
အစိုးရသစ် လက်ထက်တွင် အင်အားကြီး မုန်တိုင်းအဖြစ် ပထမဆုံး အကြိမ်ကြုံရသော မဟာစင် မုန်တိုင်းမ၀င်မီ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေး နှိုးဆော်ချက်များ ထုတ်ပြန် ထားသည်။ မေလ ၆ ရက်မှစ၍ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ် အဖြစ်သို့ အသွင်ပြောင်း ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်မှာ တဖြည်းဖြည်း အားကောင်း လာခဲ့သောကြောင့် မဟာစင် (01B) ဆိုက်ကလုန်း မုန်တိုင်းဟု အမည်ပေးလိုက်သည်။ မုန်တိုင်း စောင့်ကြည့်ရေး ဌာနများနှင့် ဒေါက်တာ ထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါ အပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင် သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါ မုန်တိုင်းမှာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် မရှိဘဲ အ၀ါ ရောင်အဆင့် သတ်မှတ်ထာကြောင်း ကြေညာသည်။
မေ ၁၁ ရက်တွင် ဒေါက်တာ ထွန်းလွင်နှင့် မုန်တိုင်း စောင့်ကြည့်ရေး ဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။
မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။ မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။ မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။ “အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။ မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်