၂၃ မေ ၂၀၁၃ - ၁၉:၃၀
သမ္မတပြောဆိုမှုကို မကျေနပ်၍ ဆန္ဒထုတ်ဖော်သူများကို အရေးယူမည်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ    

မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှု တို့တွင် အခကြေးငွေ ယူပြီး ဆန္ဒပြမှု ရှိနေကြောင်း သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်၌ ပြောဆိုမှုအပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်သည့် အဖွဲ့ခေါင်းဆောင် များကို ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော် သဖြင့် မြို့နယ် ရဲစခန်း ငါးခုက အရေးယူမည် ဖြစ်ကြောင်း မင်္ဂလာ တောင်ညွန့် မြို့နယ် ရဲစခန်းမှ ဒုတိယ ရဲမှူးကြီး ဝင်းအောင်နီက ပြောကြားသည်။

 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ခရီးစဉ်၌ မြန်မာသံရုံး မိသားစုဝင် များနှင် တွေ့ဆုံရာတွင် ဆန္ဒဖော်ထုတ် သူများသည် အခကြေးငွေ အနည်းဆုံး ငွေကျပ် အနိမ့်ဆုံး တစ်ရက် ကျပ် ၃၀၀၀ မှ အများဆုံး ၅၀၀၀ ကျပ်ထိ ရရှိနေကြ သည်ဟု ပြောဆိုမှု အပေါ် မကျေနပ် သောကြောင့် မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တာမွေဈေးမှ ရန်ကုန်မြို့တော်ခန်းမ အထိ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်မှ အဖွဲ့ဝင် လူ ၂၀ ခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

 

ခွင့်ပြုချက် ရရှိထားသည့် တရားဝင် ဆန္ဒဖော်ထုတ်ခြင်း မဟုတ်ဘဲ ဥပဒေနှင့် မညီညွတ်သည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ် ရဲစခန်းများက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။ "နိုင်ငံတော် သမ္မတ ကလည်း ဒီလိုမပြောသင့်ဘူး။ မတရားမှု တွေရှိနေလို့ ဆန္ဒပြကြတာ၊ အကုန်လုံးတော့ မပြောသင့်ဘူး။ ဒါပေမဲ့ ထစ်ခနဲရှိ ဆန္ဒပြတာက လမ်းကြောင်းမှန် မဟုတ်ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက ပြောကြားသည်။

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသား တစ်ဦး၏ လွတ်လပ်ခွင့် အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပြီး အရေးယူမည် ဆိုပါက အသင့်ရှိကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်နော်အုန်းလှက ပြောကြားသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ဒေါ်နော်အုန်းလှသည် ဆန္ဒထုတ်ဖော် ရာတွင် တရားဝင် လျှောက်ထားခြင်း မရှိသောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုပေါင်း ကိုးမှု ရင်ဆိုင်နေရပြီး ၂၀၁၂ ခုနှစ်က လက်ပံတောင်း တောင် စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်မှုကြောင့် ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၅၀ (ခ) ဖြင့် တရားစွဲဆိုခံ ထားကြောင်း ၄င်းက ပြောကြားသည်။