၁၇ ဇွန် ၂၀၁၃ - ၁၉:၃၀
ဥက္ကံ ပဋိပက္ခ  နှင့်ပတ်သက်ပြီး myanmar media သတင်းဌာန နှင့် The Voice Journal  တို့ ၏ ဖော်ပြမှု အား ယှဉ်ပြီး အမှန်တရား ထုတ်ရန်

ဥက္ကံ ပဋိပက္ခ စတင်သူ အမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်   17 June 2013  | By The Voice Journal    

လူတစ်ဦး သေဆုံးခဲ့သည့် ဥက္ကံ ပဋိပက္ခ ဖြစ်ပွားရန် စတင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို တိုက်ကြီး တရားရုံးက ဇွန်လ ပထမပတ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

 

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပနီပင်ရွာတွင် နေထိုင်သူ ဒေါ်ဝင်းဝင်းစိန် ၃၅ နှစ်နှင့် အမှုဖြစ်ပွားရာတွင် ၎င်းနှင့်အတူ ပါရှိခဲ့သူ ဒေါ်သင်းမာသိန်း ၃၃ နှစ်တို့ကို ဥက္ကံမြို့ ရဲစခန်းက ( ပ) ၁၁၂ /၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅ (က) ဖြင့် အမှုဖွင့်၍ တိုက်ကြီးမြို့နယ် တရားရုံးက ပြစ်မှုကြီး အမှတ် ၅၁၀/၂၀၁၃ ဖြင့် စစ်ဆေးခဲ့ရာမှ ဇွန်လ ၅ ရက်နေ့တွင် ပုဒ်မ ၂၉၅-က ဖြင့် အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်သည်။

 

“ဥက္ကံ ပဋိပက္ခက သာမန် အမှုကနေစပြီး ဖြစ်လာတာပါ။ ဒေသခံတွေရဲ့ သည်းခံ နိုင်စွမ်းတွေ နည်းလာရာကနေ အကြမ်းဖက်မှုတွေ ဖြစ်လာတာပါ။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တယ်”ဟု တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးလွင်စိုးမင်းက ပြောကြားသည်။ ဥက္ကံ ပဋိပက္ခ စတင်မဖြစ်ပွားမီ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အသက် ၁၁နှစ်အရွယ် ကိုရင်လေးနှင့် အမျိုးသမီး တို့ကို ဥက္ကံ ရဲစခန်းတွင် စစ်ဆေးချိန် ကြာမြင့်လာသည်နှင့်အမျှ ရဲစခန်းရှေ့တွင် စောင့်ကြည့်နေသည့် လူအုပ်စုသည် လူ ၃၀၀ ခန့် စုမိရာက တဖြည်းဖြည်း ပဋိပက္ခ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း အဆိုပါမြို့ မင်းရဲကျော်စွာ ရပ်ကွက် နေထိုင်သူ ဦးအောင်ကျော်ဦးက ပြောကြားသည်။

 

ဥက္ကံမြို့ အလံတိုင် ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် အသက် ၁၁ နှစ်အရွယ် ကိုရင် အရှင်ပုညနှင့် ဒေါ်ဝင်းဝင်းစိန်တို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားသည့် ပဋိပက္ခတွင်း မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကာ အိမ် ၈၁ လုံး၊ ဗလီ တစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ခန်း ၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

 

မင်းမင်းအောင် (ဥက္ကံ)

.......................................................................................................

ဥက္ကံ အကြမ်းဖက်ခံရမှုအား စတင်သူဟု စွပ်စွဲခံရသူ အမျိုးသမီးအား ထောင်ဒဏ်ချမှတ် ပြည်တွင်း သတင်း

ဇွန် ၁၇၊ ၂၀၁၃ M-Media ဇာဏီ

 

ဥက္ကံ ။         ။        လွန်ခဲ့သည့် ဧပြီလနှောင်းပိုင်းက ဆွမ်းခံကြွလာသော ကိုရင်အားမတော်တဆ တိုက်မိခဲ့၍ သပိတ်ကျကွဲရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာစေသည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးအား ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်းသိရသည်။

 

ဥက္ကံမြို့မှအကြမ်းဖက်သမားကြောင့် အပျက်အဆီးများ မြင်ကွင်း (ဓါတ်ပုံ ဧရာဝတီ)

 

ဥက္ကံမြို့ ပနီပင်ရွာသူ မ၀င်းဝင်းစိန်နှင့် အဖော်ပါလာသူ အမျိုးသမီး တို့ကို ဥက္ကံမြို့ ရဲစခန်းက ပုဒ်မ ၂၉၅/၂၉၅(က)ဖြင့် အမှုဖွင့်ထားခဲ့ရာမှ တိုက်ကြီးမြို့နယ် တရားရုံးက ဇွန်လ(၅)ရက်နေ့တွင် ပုဒ်မ ၂၉၅(က)ဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ်(၂)နှစ် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

 

ဥက္ကံမြို့ အကြမ်းဖက်ခံရမှုမှာ ဆွမ်းခံကြွလာသော အသက်(၁၁)အရွယ် ကိုရင်အား အမျိုးသမီးတစ်ဦးက မတော်တဆ ၀င်တိုက်မိပြီး သပိတ်ကျကွဲခဲ့ရာမှ မကျေမနပ်ဖြစ်ပြီး လူအုပ်ကြီးတစ်စုက ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင်ဆိုင်များ၊ အိမ်များကို စတင်အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါ မတော်တဆ ၀င်တိုက်မိခဲ့သူအား ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း လူအစုအဝေးကြီးဖြင့် အကြမ်းဖက်ခဲ့သော်လည်း အကြမ်းဖက်သမားများအား ယခုအချိန် အရေးယူ ထိန်းသိမ်းနိုင်စွမ်း မရှိသေးပေ။

 

လွန်ခဲ့သော ၂၀၁၂-ခု ဇွန်လက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် တောင်ကုတ် ၁၀-လောင်းပြိုင်အသတ်ခံရမှု၊ ၂၀၁၂-ခု အောက်တိုဘာတွင် တကျော့ပြန်ဖြစ်ပွားခဲ့မှု၊ ၂၀၁၃-ခု မတ်လက စတင် အကြမ်းဖက်ခံရသော မိတ္ထီလာမြို့၊ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့များ၊ ဧပြီလအတွင်း အကြမ်းဖက်ခံရသော ဥက္ကံမြို့၊ မေလအတွင်း အကြမ်းဖက်ခံရသော လားရှိုးမြို့များ၏ အကြမ်းဖက်သမားများ၊ ယခုအချိန်ထိ အကြမ်းဖက်ရန် ဆူပူလှုံ့ဆော်နေသော လူအစုအဝေးကြီးအား မြင်သာထင်သာရှိသော်လည်း ဖမ်းဆီးအရေးယူမှု မရှိသေးဘဲ တဘက်သတ်အရေးယူ ထောင်ဒဏ်ချမှတ်ခံနေရမှုများအား ကြည့်ရှုခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုလုံးဝ မရှိကြောင်းကို ဖော်ထုတ်ပြသနေသည်ကို သုံးသပ်တွေ့ရှိရပါသည်။

...........................................................................................

လူမျိုးစွဲ ၊ ပုဂ္ဂိုလ်စွဲ ၊ ဘာသာ စွဲ မရှိဘဲ အမှန် အတိုင်း ၊လက်ရှိ ဖြစ်ပေါ်နေ

သည့် အနေအထားအရဆိုလျှင် myanmar media ၏ တင်ပြမှု သည် ပိုမိုပြီး သဘဝကျကာ ၊ အမှန်တရား နှင့် နီးကပ်နေပေသည်။

အဗ်နာ သတင်းဌာန