အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်- မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည် အများဆုံး ရှိသော ၁၀ နိုင်ငံတွင် ပါဝင်ပြီး အဆင့် ၇ နေရာတွင် ရပ်တည်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဇွန် ၁၉ ရက်ထုတ် အစီရင် ခံစာတွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ်အထိ တစ်ကမ္ဘာလုံးတွင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသော ဒုက္ခသည်ပေါင်း ၄၅ ဒသမ ၂ သန်းရှိပြီး မြန်မာနိုင်ငံတွင် ဒုက္ခသည် လေးသိန်းကျော် ရှိကြောင်း ယင်းအစီရင် ခံစာတွင် ဖော်ပြထားသည်။ သို့သော်မြန်မာနိုင်ငံ၌ ဒုတိယမြောက်အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်တစ်ခုတည်း၌ ပင် ရွှေ့ပြောင်းဒုက္ခသည် (IDPS) ခြောက်သိန်းခန့် ရှိကြောင်း အစိုးရက ယမန်နှစ်တွင် သတင်း ထုတ်ပြန်ထားသည်။
ယင်းရွှေ့ပြောင်း ဒုက္ခသည်များသည် သဘာဝဘေး အန္တရာယ်များ၊ ၂၀၁၂ခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် နေရပ်များကို စွန့်ခွာနေရ သူများဖြစ်ပြီး အကူအညီများ ပေးအပ်ရန် လိုအပ်ကြောင်း အစိုးရက ပြောကြားသည်။
ထို့ပြင် ၂၀၁၁ခုနှစ် ဇွန်လတွင် အစိုးရနှင့် ကေအိုင်အေကြား ပြန်လည်ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်ဒေသများကို စွန့်ခွာ၍ စစ်ဘေးဒုက္ခသည်စခန်းများတွင် တိမ်းရှောင်နေသူပေါင်း တစ်သိန်းကျော်ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ရွှေ့ပြောင်း ဒုက္ခသည်(IDPs) ခုနစ်သိန်းခန့် ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်း မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ငါးသိန်းခန့်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများကခန့်မှန်းထားသည်။ UNHCR ၏ အစီအရင်ခံစာတွင် ဒုက္ခသည်ပေါင်း နှစ်သန်းခွဲ ဖြင့် အာဖဂန်နစ္စတန်နိုင်ငံသည်ဒုက္ခ သည် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် ဆိုမာလီယာ၊ အီရတ်၊ ဆီးရီးယားနှင့် ဆူဒန်နိုင်ငံတို့က အစီအစဉ် အလိုက် ရပ်တည် နေကြောင်း ဖော်ပြ ထားသည်။
“ဒီဟာတွေက တကယ်ပဲ သတိပေးနေတဲ့ ကိန်းဂဏန်းတွေပါ။ ဒီကိန်းဂဏန်းတွေဟာ ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ဒုက္ခတွေကို ကြီးမားတဲ့ အတိုင်း အတာနဲ့ ဖော်ပြနေပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ပဋိပက္ခ တားဆီးရေးတွေ၊ အခက်အခဲတွေကို အချိန်မီ ဖြေရှင်းဖို့လိုအပ် နေတယ်လို့ ဖော်ပြနေ ပါတယ်”ဟု UNHCR ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောကြားသည်။