အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံမှာ အင်းဝစာအုပ်တိုက်က မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ဓါတ်ပုံနဲ့  The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးပါ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းကို ဖြန့်ဝေရောင်းချခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များအသင်းက ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက အင်းဝစာအုပ်တိုက်ရဲ့ လုပ်ရပ်ကို ထပ်ဆင့်ထောက်ခံပြီး အဲဒီဆောင်းပါးပါဝင်တဲ့ တိုင်းမဂ္ဂဇင်းကို ပိတ်ပင်ခဲ့မှုအတွက်လည်း အံ့သြစိတ်ပျက်မိရကြောင်း “နှစ်ထပ်ကွမ်း ဆင်ဆာဖြတ်ခံရတဲ့ တိုင်းမဂ္ဂဇင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်ခဲ့တဲ့ နယ်ခြားမဲ့ သတင်းထောက်များအသင်းရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အခုလို ဆုံးဖြတ်လုပ်ကိုင်ခဲ့တာဟာ အင်းဝစာအုပ်တိုက်အနေနဲ့ စာအုပ်စာပေဖြန့်ချိရေး လုပ်ငန်းရှင်အဆင့်ကိုကျော်လွန်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆင်ဆာဖြတ်တောက်ခွင့်ကို အလွဲသုံးစားကျင့်သုံးလိုက်တာဖြစ်ပါတယ်၊
အစိုးရက စာပေစိစစ်ရေးအဖွဲ့ကို မကြာခင်ကတင် ဖျက်သိမ်းလိုက်ပြီဆိုတာ မေးခွန်းထုတ်စရာပါပဲ၊
ဒါဟာ တိုင်းမဂ္ဂဇင်းကို တစ်ဦးတည်းဖြန့်ချိခွင့်ရထားတဲ့ အင်းဝတိုက်အနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုသာမက အများပြည်သူတွေ သတင်းအချက်အလက် လွတ်လပ်စွာရယူပိုင်ခွင့်ကိုလည်း ချိုးဖောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ မြန်မာပြည်မှာ မီဒီယာဥပဒေ မူကြမ်းအဆင့်ပဲရှိနေဆဲကာလမှာ အစိုးရက ဒီလိုထပ်ဆင့်ပိတ်ပင်လိုက်တဲ့အတွက်လည်း မိမိတို့အနေနဲ့များစွာ စိတ်မသက်မသာဖြစ်ရပါတယ်။ ဒီပြုမူဆောင်ရွက်ချက်ဟာ မီဒီယာဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရာမှာပါဝင်သင့်တဲ့ အခြေခံမူတွေနဲ့လည်း လုံးဝဆန့်ကျင်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ သတင်းနဲ့ပြန်ကြားရေးလုပ်ငန်းအပေါ် ထိန်းချုပ်ထားလိုတဲ့ ဆန္ဒရှိနေဆဲပဲဆိုတာ ပြသလိုက်တာဖြစ်သလို လိုအပ်တယ်ထင်ရင် ဆင်ဆာဖြတ်တောက်မှုကို ပြန်လည်ကျင့်သုံးမယ်လို့ ယူဆဖွယ်ဖြစ်ပါတယ်။ ဒါဟာမြန်မာပြည်ရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို နောက်ပြန်ဆုတ်လိုက်တဲ့ မလိုလားစရာ ခြေလှမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအာဏာပိုင်တွေအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ရုပ်သိမ်းကာ ယနေ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းပါဆိုပြီး ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ RSF နယ်ခြားမဲ့ သတင်းထောက်များအသင်းရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။