အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
လွန်ခဲ့သည့် ၂ နှစ်က အီဂျစ်တွင် တော်လှန်ရေး ဖြစ်ပွားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဆောင်ကြဉ်း လာမည့် လူထု လှုပ်ရှားမှုကြီး တစ်ရပ်အဖြစ် မျှော်လင့်ခဲ့ကြသည်။ လက်တွေ့ကား ဖြစ်မလာခဲ့ပါပေ။ မြို့တော်ကိုင်ရိုနှင့် အီဂျစ်နိုင်ငံ တစ်ဝန်းလုံး ချောက်ကမ်းပါး၏ အစွန်ဆုံးကို ရောက်နေ သကဲ့သို့ ပရမ်းပတာ ဖြစ်နေလေပြီ။ အီဂျစ်၏ ယခုရက်ပိုင်း များသည် တော်လှန်ရေး၂နှစ်တာ ကာလ အတွင်း သွေးအစွန်းဆုံး နေ့ရက်များ ပါပေတည်း။
လမ်းမပေါ်မှ စစ်ပွဲများ
ဒီရက်ပိုင်း အီဂျစ်တွင်ဖြစ်ပွားသော အကြမ်းဖက်အနိဋ္ဌာရုံများသည် စစ်တပ် လက်ရှိအစိုးရက တစ်ဖက်၊ ဖြုတ်ချခံသမ္မတ မိုဟာမက်မော်စီကို ထောက်ခံသူများ ကတစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်နေသော ဒီရက်ပိုင်း များအတွင်း စုစုပေါင်း ၂၇၈ ဦး သေဆုံး ခဲ့ရာ ၂၃၅ဦးက အရပ်သားများဖြစ်သည်။ ကြားဖြတ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မိုဟာမက်အီဘရာဟင်က ရဲအရာရှိ ၄၃ဦး သေဆုံးသွားသည်ဟု ပြောဆိုထားသည်။ "ဒါဟာ စစ်ခင်းလိုက်တာပဲ" ကိုင်ရိုတွင် သပိတ်စခန်းများ အကြီးအကျယ် ဝင်စီးဖြိုခွင်းရာမှ လွတ်မြောက်လာသူ တစ်ဦးက ဆိုသည်။ သြဂုတ်လ ၁၅ ရက်နေ့ ကြာသပတေးနေ့အထိ အကြမ်းဖက်မှု ရေချိန်က တိုးတိုးလာနေသည်။ မိုဟာမက်မော်စီကို ထောက်ခံသည့်အုပ်စုတွေက ရဲစခန်း၊ အစိုးရဆေးရုံနှင့် အစိုးရရုံးများကို ဝင်ရောက်တိုက်ခိုက်ကြသည်။ ကာဖျူး ခေါ် ညအပြင်မထွက်ရအမိန့် ထုတ်ထားချိန်ဖြစ်သည်။ အီဂျစ်တပ်တွေလည်း ထပ်တိုးပြီး ကိုင်ရိုနှင့် ဂီဇာအဝင်ဒေသတွေမှာ နေရာယူ ထားသည်။ လမ်းမပေါ် တိုက်ပွဲများကြောင့် ဘဏ်များပိတ်ထားရပြီး အီဂျစ်စတော့ ဈေးကွက်လည်း ရပ်နားသွားတော့သည်။
ဘယ်သူ့အလွန်လဲ
အီဂျစ်ကို နှစ်၃၀ အုပ်စိုးခဲ့သော အာဏာရှင် ဟိုစနီမူဘာရက်ကို ၂၀၁၁ခုနှစ် တွင် လူထုတိုက်ပွဲဖြင့် ဖြုတ်ချလိုက်ခဲ့ပြီး အီဂျစ်၏ ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ မွတ်ဆလင်ညီနောင်များ အစ္စလာမ္မစ်အုပ်စု၏ ခေါင်းဆောင် မိုဟာမက်မော်စီက ၂၀၁၂ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာသည်။ သို့သော် သူလည်း စစ်တပ်ကဖြုတ်ချခြင်းကို ပြီးခဲ့သည့်လက ခံလိုက်ရလေသည်။ အဖမ်းခံရပြီးကတည်းက မိုဟာမက် မော်စီကို မည်သည့်နေရာ၌ ချုပ်လို့ချုပ် ထားမှန်းမသိကြပေ။ သူ့ကိုထောက်ခံသည့် မနည်းမနော လူအုပ်ကြီးကလည်း စစ်တပ် ဆန့်ကျင်ရေး၊ မိုဟာမက်မော်စီကို ပြန်လွှတ်ပေးပြီး သမ္မတပြန်လုပ်ခိုင်းရေးတို့ကို အုတ်အော်သောင်းတင်း တောင်းဆိုနေကြပေသည်။ အီဂျစ်အစိုးရသစ် ကလည်း သူတို့ တောင်းဆိုတာကို လုံးဝလက်မခံပေ။ ဆန္ဒ ပြပွဲများကို ပြစ်တင်တိုက်ခိုက်လိုက်ပြီး သီတင်းပတ်ခြောက်ပတ်ကြာ စခန်းချ ဆန္ဒပြနေကြသော သပိတ်စခန်းများကို လူစုခွဲဖို့ သတိပေးလိုက်ကာ မရပါက အင်အားသုံးပြီး ဝင်သိမ်းမည်ဟုလည်း ရာဇသံပေးလိုက်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၄ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြောသည့်အတိုင်း တကယ် လုပ်ခဲ့ရာ လူ၁၄၀ကျော်ခန့်လည်း သေဆုံးသွားခဲ့သည်။
ရေရှည်အကျပ်အတည်း၏ အစ
ဘယ်သူက ဘယ်သူ့ကို တိုက်နေတာလဲ၊ ဘယ်သူက သေနတ်တွေ ထုတ်ပစ်နေသလဲ၊ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုသည့် မေးခွန်းများအတွက် အဖြေတွေက အီဂျစ်၏အတိတ်၊ လက်ရှိအခြေအနေနှင့် အနာဂတ်ရေးရာ တို့အနက် မည်သည့် အရာကိုကိုင်၍ ငြင်းခုံမည်နည်း ဆိုသည့် ရပ်တည်ချက်ကို မူတည်လျက် အပြောင်းအလဲများ ရှိနိုင်ပေသည်။ တစ်ဖက်တွင် ဆန္ဒပြသူမော်စီဘက် တော်သားများက အစိုးရတပ်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများကို ထိုးစစ်သဖွယ် တိုက်ခိုက်ကြကြောင်း ပြောဆိုထားသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကြရန် မွတ်ဆလင်ညီနောင်များ ဘက်ကလည်း အံ့ဖွယ်ပြောဆိုမှုများ ရှိပေသည်။ မွတ်ဆလင်ညီနောင် များက လက်နက်များဖြင့် အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယိုဖိုင် ရှိကြောင်း သတင်းလည်း ထွက်နေသကဲ့သို့ မွတ်ဆလင်ညီနောင် များကလည်း သူတို့ မဟုတ်ပါကြောင်း ပြန်ငြင်းဆန်ထားသည်။ ယခုတွေ့မြင်နေရသည့် ဖြိုခွင်းပွဲများသည် ကြားဖြတ်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လမ်းမများကို ငြိမ်ဝပ်ပိပြားရေး လုပ်ဆောင်မည့် အလွန်ရှည်ကြာပြီး သွေးမြေကျနိုင်သော စစ်ပွဲကြီး၏အစဟုသာ ယူဆမိကြောင်း ကိုင်ရိုမှ CNN သတင်းထောက် အာဝါဒမွန်က သုံးသပ် ပြောကြားခဲ့သည်။
နိုင်ငံတကာဖိအား
ဆန္ဒပြလူအုပ်များကို သွေးမြေကျ ဖြိုခွင်းမှုများအတွက် နိုင်ငံတကာက စိုးရိမ်တကြီး ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ကြပေသည်။ အလွန်ဆိုးဝါးသော အဖြစ်အပျက်များ ဖြစ်ခဲ့ခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ထိုးနှက်ချက်များ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂ EU ၏ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တန် နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ကလည်း အင်အားသုံးပြီး ဖြိုခွင်းခြင်းကို ဝေဖန် ပြစ်တင်ခဲ့သေးသည်။ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နှင့် တူရကီ နိုင်ငံ့ ခေါင်းဆောင်များကလည်း အီဂျစ် ဒီမိုကရေစီရေးနှင့် အကြမ်းဖက်ဖြိုခွင်းခြင်းများကို ဝေဖန်ထားသည်။
ပြီးခဲ့သည့်သြဂုတ်လ ၁၅ရက်နေ့တွင် အီဂျစ်အစိုးရက တစ်လကြာအရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ ကိုင်ရို အပါအဝင် အခြားပြည်နယ်များစွာ အကျုံးဝင်သည်။ အီဂျစ်ပြည်သူများသည် ဟိုစနီမူဘာရက် လက်ထက်တစ်လျှောက်လုံး ခွင့်ပြုချက်မရဘဲ မစုစည်းရခြင်း၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ကန့်သတ်ခံခဲ့ရခြင်းနှင့် ရဲကထင်တိုင်း မသင်္ကာမှုဖြင့် ဖမ်းနိုင်ခြင်း စသည့် အခြေအနေများဖြင့် နေခဲ့ရပေသည်ဖြစ်ရာ ယခု ထိုအခြေအနေသို့ ပြန်ရောက်ခြင်းဟု ဆိုရပေမည်။
နိုင်ငံတကာက အီဂျစ်ကို မည်သို့ပင် ဝေဖန်တိုက်တွန်းမှုများ ရှိနေသော်လည်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဟာဇမ်အယ်ဘီဘလာဝီက အင်အားသုံး ဖြိုခွင်းခြင်းကို ရုပ်သံမိန့်ခွန်းတွင် ကာကွယ်ပြောဆို သွားခဲ့ပေသည်။ အသက်များဆုံးရှုံးရ သည့်အတွက် ဝမ်းနည်းရပါကြောင်း နှင့် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို အမြန်ဆုံးရုပ်သိမ်းနိုင်အောင် ကြိုးစားသွားမည် ဟုလည်း ကတိပြုသွားသည်။
မိုဟာမက်မော်စီကို ဝေဖန်သူ တစ်ဦးဖြစ်သော ဘာသာရေးမစွက်သော နိုင်ငံရေးခေါင်းဆောင် မိုဟာမက်အယ်ဘာရာဒီက လက်ရှိ ကြားဖြတ်အစိုးရတွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီးအဖြစ် ဝင်ရောက် တာဝန်ယူပေးနေရာမှ ထွက်စာ တင်လိုက်သည်။ လက်ရှိအစိုးရ၏ ဆုံးဖြတ်ချက် များကို သဘောမတူကာ သွေးမြေကျ နေမှုများကို တာဝန်မယူနိုင်သောကြောင့် နုတ်ထွက်သည်ဟု ပြောကြားသွားခဲ့သည်။ မိုဟာမက်အယ်ဘာရာဒီ၏ ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးမဟာမိတ် များက မေးခွန်းထုတ်လျက် ရှိကြပြီး တိုင်းပြည်၏ ယခုလို အကျပ်အတည်း အချိန်မှာမှ ယင်းသို့ လုပ်ရသလောဟု ဝေဖန်ကြခြင်းဖြစ်သည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် Human Rights Watch အဖွဲ့ဆိုလျှင် မွတ်ဆလင်ညီနောင်များက လူနည်းစု အီဂျစ် ကော့ပ်တစ်ခရစ်ယာန်များအား အကြမ်းဖက် တိုက်ခိုက်နေမှုများကို ပြင်းထန်စွာ ဝေဖန်သကဲ့သို့ အစိုးရက အစ္စလာမ်ဝါဒီ ညီနောင်များကို ဖြိုခွင်း ခြင်းကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။ မွတ်ဆလင်ညီနောင်များတွင် လွတ်လပ်စွာ ဆန္ဒြ