၂ စက်တင်ဘာ ၂၀၁၃ - ၁၉:၃၀
အခြေခံ ဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အာဏာ ခွဲဝေမှုကို ပြင်ဆင်မည်ဟု သူရဦးရွှေမန်းဆို

     

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ

တိုင်းရင်းသားများ အဓိက တောင်းဆိုနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ အာဏာခွဲ ဝေမှုကို ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် ပြုလုပ်သည့် လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသွား သည်ဟု ရှမ်းပြည်နယ် လဲချားမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ထင်က ပြောကြားသည်။

 

စက်တင်ဘာလ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ရှမ်းပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက လာမည့် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသို့ ဘတ်ဂျက်ခွဲဝေချထားမှု၊ အာဏာခွဲဝေမှုကိစ္စနှင့် သဘာဝ အရင်းအမြစ် ခွဲဝေမှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့် ပိုမိုရရှိစေရန် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာ အခန်း၊ စာမျက်နှာ ၁၈၈ ဇယား (၂) ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသွားသည်ဟု ဦးစိုင်းမောင်ထင်က ထပ်မံရှင်းပြသည်။

 

အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဖက်ဒရယ်စနစ် ကျင့်သုံးနေသည့် အမေရိကန်ပြည်ထောင်စုကို စံနမှုနာထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အာဏာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ပြင်ဆင် သွားမည်ဟု သူရဦးရွှေမန်းက ပြောကြား ခဲ့ကြောင်း ဦးစိုင်းမောင်ထင်က ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို လွှဲအပ်ထားသော လုပ်ပိုင်ခွင့် ဇယား (၂) အရ လုပ်ပိုင်ခွင့် အလွန်နည်းပါးနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်များ အတွက် အကျိုးသက်ရောက်သော အာဏာခွဲဝေမှု မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် သုံးသပ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြည်နယ်များ၏ ရပိုင်ခွင့်ကို ပြင်ဆင်ပေး ရမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် များနှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။