၂၂ စက်တင်ဘာ ၂၀၁၃ - ၂၀:၃၀
ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း ဘိုရှီလိုင်းကို ထောင်ဒဏ် တစ်သက်ချမှတ်

 

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

တရုတ်ကွန်မြူနစ် ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း ဘိုရှီလိုင်းကို ဂျီနန် တရားရုံးက အကျင့်ပျက် လာဘ်စားမှု၊ အာဏာ အလွဲသုံးစား မှုများဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဘိုရှီလိုင်းသည် တရုတ်ကွန်မြူနစ် ပါတီ၏ အဖွဲ့ဝင် ၂၅ ဦးသာရှိသည့် ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှု၊ အာဏာ အလွဲသုံးစားပြုမှုများဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း တရားစွဲဆိုထားသော ပြစ်ချက်အားလုံးကို ဘိုရှီလိုင်းက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး တရုတ်နိုင်ငံသားများကလည်း တရားစွဲဆိုမှုမှာ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှု ရှိကြောင်း သံသယ ရှိနေကြသည်။ ဘိုကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သော်လည်း တရားရုံးတွင် အယူခံ ဝင်ခွင့်ပြုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဗြိတိသျှ စီးပွားရေးသမားတစ်ဦးကို ဘိုရှီလိုင်း၏ အမျိုးသမီးဖြစ်သူက သတ်ဖြတ်ထားကြောင်း သက်သေ အထောက်အထားများနှင့်အတူ ဘိုရှီလိုင်း၏ အကြံပေး ပုဂ္ဂိုလ်က အမေရိကန် ကောင်စစ်ဝန်ရုံးအတွင်း ၂၀၁၂ ခုနှစ်တွင် ဝင်ရောက် ခိုလှုံခဲ့မှုမှ တစ်ဆင့် ဘို၏ အာဏာလျော့ကျမှုများ စတင်လာခြင်း ဖြစ်သည်။

ဘို၏ အရေးကိစ္စနှင့် ပတ်သက်ပြီး ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်ပိုင်းတွင် သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ပြီး တရားစွဲဆိုခြင်းမပြုမီ တစ်နှစ်ခွဲကြာ ထိန်းသိမ်းထားရသည်။ သြဂုတ်လအတွင်း ဘိုရှီလိုင်းအပေါ် တရားစွဲဆိုမှု စတင်ပြုလုပ်ခဲ့ပြီး ငါးရက်သာ ကြာမြင့်ခဲ့ကာ လာဘ်ငွေ ဒေါ်လာ ၄ ဒသမ ၄ သန်း ရယူမှု၊ နိုင်ငံရေး ရာထူးများကို အလွဲသုံးစားပြုပြီး အမျိုးသမီး ဖြစ်သူ၏ လူသတ်မှုများကို ဖုံးကွယ်ထားမှုစသည့် ပြစ်မှုများဖြင့် တရားစွဲဆို ခဲ့သော်လည်း စွပ်စွဲချက်များကို ဘိုရှီလိုင်းက ပြင်းပြင်းထန်ထန် ခုခံငြင်းဆိုခဲ့သည်။

ထို့အပြင် တရားစီရင်မှုကို တိုက်ရိုက်နီးပါးမျှ ထုတ်လွှင့် ပေးခဲ့ခြင်းကြောင့် တရုတ်အာဏာရ အသိုင်းအဝိုင်း၏ အသုံးအဖြုန်းကြီးမှု၊ ငွေကြေးများစွာ ကုန်ချသော ဇိမ်ခံ ခရီးထွက်မှု၊ အကျင့်ပျက် လာဘ်စားမှု စသည့် ဖြစ်ရပ်များကို သာမန် တရုတ်ပြည်သူများ သိရှိခွင့်ရခဲ့သည်။ အကျင့်ပျက် လာဘ်စားမှုနှင့် ပတ်သက်၍ ဘိုရှီလိုင်းကို သေဒဏ်ပြစ်ဒဏ် ချမှတ်နိုင်သော်လည်း ကွန်မြူနစ် ထိပ်တန်း ခေါင်းဆောင်များကြား အပေးအယူ လုပ်ထားမှုများကြောင့် ထောင်ဒဏ် တစ်သက်သာ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဘိုရှီလိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦး၏ သားတစ်ယောက်ဖြစ်ပြီး ကွန်မြူနစ်ပါတီ၏ မူဝါဒရေးရာများကို အဆုံးအဖြတ်ပေးသော ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့် ခံရရန် အလားအလာ ကောင်းသူတစ်ဦးအဖြစ် လွန်ခဲ့သည့် ၂ နှစ်ခန့်က ခန့်မှန်းခဲ့ကြသည်။

ချုံကင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်စဉ် အတွင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် အိုးအိမ် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ရာဇဝတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အာရုံစိုက် ဆောင်ရွက်ခြင်း တို့ကြောင့် ဘိုရှီလိုင်းအပေါ် လူထုထောက်ခံမှုများ မြင့်တက်လာခဲ့သည်။ သို့သော်လည်း ရာဇဝတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် အတင်းအကျပ် ဝန်ခံခိုင်းမှုများ၊ နှိပ်စက် မေးမြန်းမှုများ ပြုလုပ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သဖြင့် တရုတ်လစ်ဘရယ် အသိုင်းအဝိုင်းကြား စိုးရိမ်စိတ်များ တိုးပွားလာခဲ့ပြီး ဘို၏ ရည်မှန်းချက်ကြီးမှုမှာလည်း ကွန်မြူနစ် ပါတီတွင်း ညီညွတ်ရေး ပြိုကွဲနိုင်သည်ဟု ထိပ်တန်းခေါင်းဆောင် များက ကြောက်ရွံ့လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ တည်မြဲရေးကို ခြိမ်းခြောက်နေသည့် အကျင့်ပျက် လာဘ်စားမှုများကို တိုက်ဖျက်ရမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားပြီး အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်လာချိန်တွင် ဘိုရှီလိုင်း တရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ “ငါက အပြစ်မဲ့သားကောင် တစ်ယောက်ပါ။ ငါမှားခဲ့တယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ တစ်နေ့မှာ အမှန်တရား ပေါ်ပေါက်လာမယ်ဆိုတာ ငါယုံကြည်တယ်။ အဲဒီနေ့ကို ထောင်ထဲကနေပြီး တိတ်တဆိတ် စောင့်ဆိုင်းနေမယ်” ဟု ဘိုရှီလိုင်းက ထောင်တွင်းမှနေ၍ ရေးသားသည် ဆိုသော စာကို ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။