၁၆ အောက်တိုဘာ ၂၀၁၃ - ၂၀:၃၀
ပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး လွှတ်တော်နှင့် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ အချို့၏ ထင်မြင် သုံးသပ်ချက်များ

   

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ

ရန်ကုန်မြို့ လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် လူစည်ကားသော နေရာအချို့တွင် ပေါက်ကွဲမှု များနှင့် ဗုံးလန့်မှုများ ဖြစ်ပွား ခဲ့ခြင်း၊ တောင်ငူနှင့် စစ်ကိုင်းမြို့ တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့၏ ထင်မြင် သုံးသပ်ချက် များကို တွေ့ဆုံမေးမြန်း ဖော်ပြအပ် ပါသည်။

 

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ)

 

တည်ငြိမ်မှု အားနည်း တယ်လို့ ဝေဖန်ကြမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စရပ်တွေသည် လုံးဝမဖြစ်သင့်ဘူး။ ဖြစ်ပြီး တာကိုလည်း မြန်မြန်ဖော်ထုတ်နိုင်ဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံမှု တွေကတော့ ခုလည်း သိပ်ပြီးဝင်နေတာ မဟုတ်တော့ ပိုပြီးတော့ မဝင်လာစရာတော့ မရှိပါဘူး။ တရားဥပဒေ စိုးမိုးရေးအနေနဲ့ ကြည့်မယ်ဆိုရင် တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် လုပ်ရပါမယ်။ ဒါကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်တယ်။ လုံခြုံရေး အစီအစဉ် အားနည်းတယ်လို့ ပြောရအောင်လည်း ဘယ်တွေမှာ ဗုံးတွေချတယ်ဆိုတာလည်း ရှိသေးတာပေါ့။ တခြားနိုင်ငံတွေ မှာလည်း ဒီလို ဖြစ်တတ်ပါတယ်။ အရေးကြီး တာက ဘယ်သူတွေ လုပ်တယ်ဆိုတာ အမြန် ဖော်ထုတ်ဖို့ပါ။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက ဘယ်သူတွေ လုပ်တာလဲ ဆိုတာကို ဖော်ထုတ်ပြီးမှ သိမှာပေါ့။ မှန်းခြေနဲ့တွက်ပြီး စဉ်းစားနေရင် တစ်ခါတလေ မဖြစ်သင့်တာတွေ ဖြစ်သွားလိမ့်မယ်။ စိုးရိမ်လွန် ပြီးတော့ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ဟိုလူ လက်ညှိုးထိုး၊ ဒီလူလက်ညှိုးထိုး ထိုးတဲ့အခါ တင်းမာမှုတွေ များလာမယ်။ ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်မှာပဲ၊ ဒါပေမဲ့ အန်တီကတော့ ယုံကြည်တယ်။ ပြည်သူတွေဟာ ခေါင်းအေးအေးနဲ့ စဉ်းစား တတ်ပါတယ်။ တမင် လှုပ်လှုပ်ရှားရှားဖြစ်အောင် ဆွတာဆိုရင်တော့ အဲဒီ ထောင်ချောက်ထဲ မဝင်သွားဖို့ ပဲပေါ့။ တမင် စိတ်လှုပ်ရှားအောင်၊ လန့်အောင် ဖျပ်အောင်၊ လမ်းလွဲအောင် လုပ်တယ်ဆိုရင် ဒီထောင်ချောက်ထဲ မဝင်သွားဖို့ လိုတာပေါ့။ ဒါကို သတိတော့ထား ရမှာပေါ့။ ဒါပေမဲ့ စိုးရိမ်မှု လွန်ကဲလို့လည်း ဘယ်ကောင်းမလဲ။ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ ရပါတယ်။ 

 

(ဒုတိယစာပိုဒ်မှာ ပြည်သူ့ လွှတ်တော်၌ သတင်း မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားချက်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)

 

ဦးဌေးဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ)

 

ဒီကိစ္စတွေ လုပ်တဲ့သူက ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ် မသိဘူး။ ဒါမကောင်းဘူး။ ဟိုပတ်သက် ဒီပတ်သက် လုပ်စရာ မလိုဘူးလို့ မြင်တယ်။ ပြည်သူတွေနဲ့ အခြား ပစ္စည်းဥစ္စာ တွေကိုပါ ထိခိုက်တယ်။ ကာကွယ် တားဆီးဖို့ အုပ်ချုပ်ရေး အဖွဲ့က လုပ်ရမယ်။

 

တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး (ပြည်သူ့လွှတ်တော်)

 

ဒီပေါက်ကွဲမှု ဖြစ်ရပ်တွေက ကိုယ့်ဖဲ ကိုယ်ချိုးနေတာလို့ မီဒီယာတွေက ရေးသား ပြောဆိုနေတာ ရှိတယ်။ ဒါ မဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ အကြမ်းဖက်တဲ့ အပိုင်းမှာ နှစ်မျိုးရှိတယ်။ အာဆီယံ ဥက္ကဋ္ဌရာထူး ယူပြီးနောက်မှာ မငြိမ်မသက်ဖြစ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ဒီအချိန်မှာ တပ်မတော်က အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေ သုံးဖို့ မလိုပါဘူး။

 

ဦးရဲထွဋ် (နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)

 

လုံခြုံရေးအစီအစဉ် တွေလည်း လုပ်မြဲလုပ်တယ်။ အဓိကတော့ နေပြည်တော်မှာ ဆိုရင်လည်း နေပြည်တော်ကောင်စီက ဦးစီးပြီး လုပ်တယ်။ တိုင်းဒေသကြီး တွေမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်ထဲရေး ပေါင်းလုပ်နေတာတွေ ရှိတယ်။ အဓိကတော့ ဦးစားပေး အနေနဲ့ ဖြစ်တဲ့ဟာတွေ ကြည့်လိုက်ရင် လူအများ အလွယ်တကူ ဝင်/ထွက်လို့ရတဲ့ နေရာမှာ ထားပစ်ခဲ့တာမျိုး ဖြစ်နေတယ်။ ဒါကြောင့် တည်းခိုခန်း၊ ဟိုတယ်၊ အများပြည်သူ ဝင်ထွက်တဲ့ ကားဂိတ်၊ စားသောက်ဆိုင် တွေမှာ ပိုပြီးသတိရှိဖို့ မှာနေတာ။ တချို့ဟာတွေကလည်း တွေ့ပြီး မဟုတ်တာတွေ ရှိတယ်။ မန္တလေးမှာ ဆိုရင် မသင်္ကာဖွယ်ရာ ကိစ္စတွေ့တယ်။ သွားစစ်တယ်။ သို့သော် ဒါက ပြဿနာမရှိဘူး။ လူတွေက အဲလိုနိုးကြားတာ ပိုကောင်းတယ်။ လက်ရှိလုပ်နေတာ ကတော့ လုံခြုံရေးကို တိုးမြှင့်တယ်။ ပြည်သူလူထုကို ပိုပြီး သတိရှိလာအောင် လှုံ့ဆော်တာတွေ ရှိတယ်။ ရထားတဲ့ မပေါက်ကွဲသေးသော ဗုံးတွေရှိတယ်။ ဗုံးတည်ဆောက်ပုံ၊ သုံးတဲ့ ယမ်းအမျိုးအစား၊ စနက်တံ၊ ချိန်ကိုက်ကိရိယာတွေ အမျိုးအစားတွေကို ဟိုးတုန်းကဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပြန်ပြီး သရုပ်ခွဲပြီးတော့ လေ့လာနေတာပေါ့။ အခုတော့ လူတွေ အလွယ်တကူ ဝင်ထွက်သွားလာနေတဲ့ နေရာမျိုးတွေမှာ သတိပေးထားတာပေါ့။ လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက် ကလည်း ကွဲတာထက် ပိုပြီးလူတွေ အကြောက်တရား ဖြစ်စေတာမျိုး၊ ဆီးဂိမ်း နီးလာပြီ၊ အာဆီယံဥက္ကဋ္ဌ ဖြစ်လာပြီ။

 

ကျန်တဲ့ကိစ္စ တွေလည်း ဖြစ်ခဲ့တာလေးတွေ ရှိတော့ အဲဒီကြားထဲမှာ လူတွေကို ပိုပြီး တုန်လှုပ်ချောက်ချားစေအောင်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ် ထိခိုက်လာအောင် လုပ်တာလို့ ကျွန်တော်တို့ထင်တယ်။ ဘယ်အဖွဲ့က လုပ်တာလဲ ဆိုတာတော့ လောလောဆယ် မပြောနိုင်သေးဘူး။ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကို ကျွန်တော်တို့ လိုက်ရှာနေတာပေါ့။ နိုင်ငံတကာမှာလည်း အကြမ်းဖက်တဲ့ပြဿနာတွေ ရှိနေတာပဲ။ ခုက အီလက်ထရွန်နစ် ပစ္စည်းတွေက အရမ်းရှာရ လွယ်တယ်။ ယမ်းအမျိုးအစား သေးသေးလေးနဲ့ ပေါက်ကွဲအား ပြင်းတာတွေလည်း ရှိတယ်။ အရင်ကလို ဗုံးတွေကို ဆင်ရတာ သိပ်မခက်ခဲတော့ဘူး။ ဘာမှမသိတဲ့ သူကို မင်းဟိုရောက်ရင် ဒီခလုတ် အနီလေးကို ဖွင့်လိုက်လို့ ပြောလို့ရတာ။ တတ်နိုင်သမျှ သတိထားပြီး ဖော်ထုတ်ဖို့ လုပ်နေပါ တယ်။ တကယ်ဖမ်းဆီးရမိရင် ပြည်ထဲရေးက ချက်ချင်း ထုတ်ပြန်ပေးမှာပါ။ နိုဝင်ဘာမှာ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ် ရေးထိုးတဲ့အခါမှာလည်း တစ်ခုခုတော့ ရအောင် ဆောင်ရွက်နိုင်မှာပါ။ ဒီကိစ္စကြောင့် ထိခိုက်စရာအကြောင်း မရှိပါဘူး။ ကျွန်တော်တို့ အတွက် တစ်ခု နှောင့်နှေးသွားရင် အဲဒီလိုဖြစ်အောင် လုပ်နေတဲ့သူတွေ အောင်မြင်သွားမယ်။ အဲလိုတော့ အဖြစ်မခံနိုင်ပါဘူး။