၂၄ ဇန်နဝါရီ ၂၀၁၄ - ၂၀:၃၀
ဂါဇာမှ ပြည်သူများအား အားပေးသည့် အနေဖြင့် ဗြိတိန်တွင် ချီတက် လမ်းလျှောက်မှုပြုလုပ်မည်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

- အစ္စရေးမှ ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ ချို့တဲ့သော ပြည်သူများအား အားပေးထောက်ခံခြင်းနှင့် ရန်ပုံငွေရရှိရန်ရည်ရွယ်၍ လမ်းလျှောက်ချီတက်သော လှုပ်ရှားမှုတစ်ခု လန်ဒန်မြို့တွင် သိရသည်။

လန်ဒန်အခြေစိုက အန်ဂျီအိုအဖွဲ့ဖြစ်သည့် Muslim Hands မှ ပြုလုပ်မည့် Walk for Gaza အမည်ရ အဆိုပါလှုပ်ရှားမှုတွင် လန်ဒန်ရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ ထောင်ချီပါဝင်မည်ဟုဆိုသည်။

“ဂါဇာမှာရှိတဲ့ ကလေးတွေကို ကယ်တင်ခြင်းဟာ ဂါဇာကိုကယ်တင်တာပါပဲ” ဟု ထိုလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ်သူများက ပြောကြားခဲ့သည်။

အေးစိမ့်သော ရာသီဥတုရှိနေသော်လည်း ချီတက်လမ်းလျှောက်မှုအား ၂၅ ရက် စနေနေ့(ယနေ့) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၅ မိုင် အကွာအဝေးရှိမည်ဖြစ်သည်။

ဂါဇာကမ်းမြှောင်ရှိ ကလေးများအတွက် အလှူငွေရရှိရန် ရည်ရွယ်ပြုလုပ်သည့် အဆိုပါ လမ်းလျှောက်ချီတက်မှုကို  Muslim Hands မှ လန်ဒန်၊ မန်ချက်စတာ၊ ဘာမင်ဂမ် လက်စတာ စသည့်မြို့များတွင် ပြုလုပ်ခဲ့သည့်မှာ ၆ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး ယမန်နှစ်က အလှူငွေ ပေါင် ၁၁၇၀၀၀ ရရှိခဲ့သည်။

အစ္စရေးက ပိတ်ဆို့ထားပြီး၊ မီဒီယာက ဖော်ပြမှုအားနည်းသောကြောင့် ကမ္ဘာ့တစ်ဝှမ်းမှ လစ်လျူရှုခံထားရသည့် အမေ့ခံ ဂါဇာကလေးငယ်များအတွက် ကူညီရန်ဆုံးဖြတ်ထားသည်ဟု Muslim Hands အဖွဲ့က ပြောကြားခဲ့ပြီး ဂါဇာရှိ Al-Durrah ဆေးရုံတွင် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

Muslim Hands မှ ပြုလုပ်သည့် အဆိုပါ ချီတက်လမ်းလျှောက်မှုကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများက ထောက်ခံအားပေးခဲ့ကြပြီး ထိုအဖွဲ့၏ အွန်လိုင်းစာမျက်နှာများတွင် ထိုလှုပ်ရှားမှုတွင်ပါဝင်ရန်နှင့် အလှူငွေများပေးအပ်ရန် မှတ်ချက်များပေးခဲ့ကြသည်။

Ref: OnIslam