၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် တောင်ကြီးမြို့တွင်း ကားဖြင့် လှည့်လည်ကာ လက်မှတ်ကောက်ခံမှုကို ဇွန်လ ၂၃ရက်တွင် စတင်နေပြီဟု တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးခွန်သန်းလွင်က မဇ္ဈိမကို ပြောသည်။
ဇွန် ၂၃ ရက် နံနက် ၁ဝနာရီမှ စတင်ကာ တောင်ကြီးမြို့အတွင်း လူစည်ကားရာနေရာများဖြစ်သည့် ကလောပလာဇာရှေ့၊ မြို့မဈေးကြီး နာရီစင်ရှေ့၊ အမှတ်(၅) ဈေး၊ တောင်ကြီး ကဖေး၊ စဝ်စံထွန်းဈေးရှေ့တို့တွင် ကားဖြင့်လည့်လှည်ပြီး ၄၃၆ ပြင်ဆင်လိုသည့် ပြည်သူများ လက်မှတ်ရေးထိုးနိုင်ရန် လက်မှတ်များ လိုက်လံကောက်ယူပေးလျက်ရှိသည်ဟု တောင်ကြီးမြို့နယ် NLD ဥက္ကဋ္ဌ ဦးခွန်သန်းလွင်က ပြောသည်။
"ပုဒ်မ ၄၃၆ ပြင်ဆင်လိုတဲ့ ပြည်သူလူထုတွေ လက်မှတ်ရေးထိုးတဲ့နေရာမှာ မပင်ပန်းအောင် ကားနဲ့ လိုက်လံကောက်ခံပေးခြင်းဖြစ်တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့ အချိန် တစ်လတောင် မလိုတော့တဲ့အတွက် မြို့ပတ်ပြီးတော့ ကမ်ပိန်းပြုလုပ်ပေးခြင်းဖြစ်တယ်" ဟု ဦးခွန်သန်းလွင်က မဇ္ဈိမကို ပြောသည်။
အဆိုပါ ကမ်ပိန်းအား တောင်ကြီးမြို့နယ် NLD နှင့် ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်)တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်ထဲ တင်သည့်ရက် မရောက်ခင် အထိ ပြုလုပ်သွားမည်ဟု ၎င်းကဆိုသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို တောင်ကြီးတွင် NLD နှင့် ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဇူလိုင် ၃ရက်တွင် တောင်ကြီး၌ ကျင်းပ သွားမည်ဖြစ်သည်။
Ref မဇ္ဈိမ
၂၄ ဇွန် ၂၀၁၄ - ၁၆:၃၈
News ID: 618750