အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ
ဂါဇာလျှပ်စစ်စက်ရုံကို အစ္စရေးပစ်ခတ်၊ ဆေးရုံမီးပြတ်ပြီး လူနာများအတွက် စိုးရိမ်ရ
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ တခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့လို့ မီးပြတ်ပြီး ဆေးရုံက လူနာအများအပြားရဲ့ အသက်ကို ခြိမ်းခြောက်နေတယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။
ဂါဇာရဲ့ စွမ်းအင်လိုအပ်ချက် ၃ ပုံ ၂ ပုံကို ပံ့ပိုးနေတဲ့ ဓာတ်အားပေးစက်ရုံက လောင်စာတိုင်ကီတွေ မီးလောင်ခဲ့ပါတယ်။
ဒေသခံစွမ်းအင်အာဏာပိုင်တွေကတော့ ကနဦးစစ်ဆေးမှုတွေအရ အပျက်အစီးတွေ ကြောင့် စက်ရုံဟာ ၁ နှစ်လောက်တော့ ဘာမှမလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။
ဒါကြောင့် ဒေသတွင်း ရေစုပ်စက်တွေ အများအပြား ရပ်တန့်သွားနိုင်တယ်လို့ ဂါဇာမြို့တော်စည်ပင်က ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင်ရဲ့အိမ်နဲ့ တခြား ထင်ရှားသြဇာရှိတဲ့ ပစ်မှတ်တွေ ဒါဇင်နဲ့ ချီပြီး ပစ်ခတ် ချေမှုန်းခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ ပစ်ခတ်မှုဟာ ကြည်း၊ ရေ၊ လေ ၃ ပွင့်ဆိုင်ပြီး အပြင်းထန်ဆုံး ပစ်ခတ်မှု ဖြစ်တဲ့အတွက် တရက်တည်းမှာ ပါလက်စတိုင်း အနည်းဆုံးအယောက် ၃၀ သေဆုံးတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင် ဘာသာရေးဆရာ အယာတိုလာ အလီခါမေနီကတော့ ဂါဇာမှာ ကပ်ဘေးဆိုက်အောင် အစ္စရေးက လုပ်နေတယ်လို့ ဇူလိုင် ၂၉ ရက်နေ့က စွပ်စွဲပြောဆိုပါတယ်။
ဒါ့အပြင် အစ္စရေးကို တိုက်ရာမှာ ကူညီတဲ့အနေနဲ့ ပါလက်စတိုင်းတွေကို လက်နက် တပ်ဆင်ပေးပြီး ဂါဇာပြည်သူတွေကို ကူညီဖို့ကိုလည်း နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်။
အယာတိုလာ ခါမေနီက အကြီးတန်းအစိုးရအရာရှိတွေ ခြံရံပြီး မြို့တော်တီဟီရန်က ထောင်သောင်းချီနေတဲ့လူအုပ်ဆီ မိန့်ခွန်းပြောပုံကို အီရန်အစိုးရရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ခဲ့တာပါ။
ဒါ့အပြင် ဇူလိုင် ၂၉ ရက်နေ့မှာ ဂါဇာက ဖွက်ထားတဲ့ ဒုံးကျည်ပစ်စင်တွေ ရှာတွေ့မှုနဲ့ စစ်သွေးကြွတွေ သုံးတဲ့ ဥမင်တွေကို ဖျက်ဆီးနေတာလို့ ပြောထားတဲ့ ရုပ်သံအသစ်ကို အစ္စရေးစစ်တပ်က ဖြန့်ချိပါတယ်။
ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးစစ်တပ်ရဲ့ စောင့်ကြည့်ရေးမျှော်စင်ကို ရောက်အောင် ဥမင်တွေကို သုံးပြီး တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဇူလိုင် ၂၉ ရက်နေ့ညမှာ ထုတ်လွှင့်ပြသပါတယ်။
၂ ဖက်စလုံးက ထုတ်ပြန်တဲ့ ရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။
နိုင်ငံတကာကတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တပ်တွေ ရုပ်သိမ်းဖို့ ဖိအားပေးနေဆဲပါ။
အမေရိကန်သမ္မတ အိုဘားမားကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီကပါ ဂါဇာက ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၈ သန်းကို ကူညီရေးပစ္စည်းတွေ ပို့ခွင့်ပေးဖို့ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုခဲ့ပြီးပါပြီ။
REF: ဒီဗွီဘီ