အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဘီဟာပြည်နယ်မှာ မတ် ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ၁၀ တန်း အတန်းတင်စာမေးပွဲမှာ ခိုးချခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား ၇၅၀ ကျော် ကျောင်းထုတ်ခံရပြီး ကျောင်းသားမိဘ ၃၀၀ လောက်လည်း ဖမ်းဆီးခံရပါတယ်။
စာမေးပွဲမှာ အစုလိုက်ခိုးချခဲ့ကြတာကို ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းပုံတွေ အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီး အာဏာပိုင်တွေအတွက် အတော့်ကို စိုးရိမ်စရာဖြစ်ခဲ့တာပါ။
၁၀ တန်းစာမေးပွဲကို ဘီဟာပြည်နယ်တခုထဲမှာ ကျောင်းသား ၁.၄ သန်း ဖြေဆိုခဲ့တာပါ။ စာစစ်ဌာနတွေကို စောင့်တဲ့ရဲတွေကိုလည်း လာဘ်ထိုးခဲ့ကြတဲ့ ကိစ္စကြောင့် စာစစ်ဌာန ၄ ခုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီစာမေးပွဲခိုးချမှုကို ပြစ်တင်ခဲ့ပေမယ့် ဓာတ်ပုံတွေဟာ တပြည်နယ်လုံးကို ကိုယ်စားမပြုပါဘူးလို့ ပြောဆိုပါတယ်။
ကျောင်းသားတွေကို ခိုးချဖို့ ကူညီခဲ့တဲ့မိဘတွေဟာ ရေရှည်မှာ သူတို့ကလေးတွေရဲ့ ပညာရေးကိုပဲ ထိခိုက်မှာဖြစ်ပြီး မိဘတွေ ကိုယ်တိုင်ရဲ့ ပူးပေါင်းကူညီမှုမရှိပဲနဲ့တော့ သန့်ရှင်းတဲ့ စာမေးပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြည်နယ်ပညာရေးမှူးက ပြောဆိုပါတယ်။
======================================