အဲဟ်လေ့ဘိုက်(သ) (အ.စ)သတင်းဌာန ၊ အဗ်နာ
အင်ဒိုနီးရှားနိုင်ငံက မူးယစ်ဆေးဝါးတရားခံ ၈ ဦးကို ပစ်သတ်ကွပ်မျက်ခဲ့တဲ့အပေါ် အထူးဝမ်းနည်းကြေကွဲရတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မူးယစ်တရားခံ နိုင်ငံခြားသား ၇ ဦးနဲ့ အင်ဒိုနီးရှား ၁ ဦးတို့ကို ဧပြီ ၂၉ ရက်နေ့ မနက်စောစောက သေနတ်ပစ်ကွပ်မျက်ခဲ့ပြီး သံသမန်အသိုင်းအ၀ိုင်းက ပြစ်တင်ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့ပါတယ်။
၂၁ ရာစုမှာ သေဒဏ်ဆိုတာ ရှိသင့်တဲ့ ဥပဒေမဟုတ်တော့ဘူးလို့ ဘန်ကီးမွန်းရဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပြီးနောက် သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအားလုံးကိုလည်း အပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အင်ဒိုအစိုးရကို ဘန်ကီမွန်းက တိုက်တွန်း တောင်းဆိုထားပါတယ်။
“မူးယစ်ဆေးဝါးအန္တရာယ်ကနေ အင်ဒိုနီးရှားနိုင်ငံကို ကာကွယ်ဖို့ အခုလို ကွပ်မျက်ရတာဖြစ်တယ်။ သေဒဏ်ဟာ ပျော်ရွှင်စရာကိစ္စမဟုတ်ဘူး ဆိုတာကို သိပေမယ့် အင်ဒိုနီးရှားပြည်သူတွေရဲ့ မျက်နှာကိုကြည့်ရမယ်”လို့ အင်ဒိုရှေ့နေချုပ်က ပြောဆိုပါတယ်။
သြစတြေးလျနိုင်ငံသား ၂ ဦးပါ ကွပ်မျက်ခံခဲ့ရတဲ့အတွက် သြစတြေးလျနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့ဟာ မဟာမိတ်အိမ်နီးချင်းတွေဖြစ်ကြပြီး သြစတြေးလျနိုင်ငံသား ၂ ဦးအပေါ် အခုလိုလုပ်ရပ်ဟာ ရက်စက်ကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် အဆိုးဆုံးအချိန်ဖြစ်တယ်လို့ ၀န်ကြီးချုပ်တိုနီအာဘောက ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးဥပဒေ အတင်းကျပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး သေဒဏ်ကိုလည်း ၂၀၁၃ ခုနှစ်မှာ ၄ နှစ်ကြာရပ်ဆိုင်းပြီး ပြန်လည်ကျင့်သုံးခဲ့တာလည်းဖြစ်ပါတယ်။
တရက်ကို အင်ဒိုနီးရှားနိုင်ငံသား ၃၃ ဦးဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တနည်းနည်းနဲ့ သေဆုံးနေရတယ်လို့ အင်ဒိုနီးရှားမူးယစ်ဆေးဝါး အေဂျင်စီရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
251 / End