အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ကုန်ထုတ်စက်ရုံများက သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ လူထု အပေါ် ဆိုးကျိုးသက်ရောက်စေပါက ထိရောက်စွာအရေးယူပေးရေးအဆိုတရပ်ကို မန္တလေးတိုင်း ဒေသကြီးလွှတ်တော်က အတည်ပြု ထားကြောင်း သိရှိရသည်။
စက်တင်ဘာတတိယပတ်အတွင်း ကျင်းပခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်ဝင်းတင်သွင်းခဲ့သည့် ယင်းအဆိုကိုလွှတ်တော်တွင် ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ခြင်းဖြစ်သည်။
အဆိုတင်သွင်းသူ ဦးလှိုင်ဝင်းက မန္တလေးတိုင်း ကျောက်ဆည်ခရိုင်တွင် စက်ရုံအလုပ်ရုံအချို့က စွန့်ထုတ် သည့် ရေဆိုး များကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရပြီး ဥပဒေအရ အရေးယူတားဆီးခြင်းများ အားနည်းနေကြောင်း၊ ရေရှည် တွင် သက်ရှိနှင့် သဘာဝဂေဟစနစ်များကိုပါ ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က “သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်အင်မတန်ကောင်းတဲ့ ဥပဒေတွေ ရှိပြီးသားပါ။ ဒါတွေကို အကောင် အထည်ဖော်နိုင်ခြင်းမရှိလို့ ဒီနေ့ဒီလိုပြသနာတွေနဲ့ ကြုံတွေ့ ရတာဖြစ်ပါတယ်၊ စီမံခန့်ခွဲရေး ပိုင်းဆိုင်ရာက ကောင်း ကောင်း မလုပ်နိုင်ရင် ဥပဒေရှိလည်း အလကားပါပဲ” ဟု ဆိုသည်။
မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဦးမျိုးသစ်က တိုင်းအတွင်း သဘာဝ ပတ်ဝန်း ကျင်ကိစ္စရပ်များနှင့်ဆက်စပ်နေသည့် လုပ်ငန်း များတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်းရှိ၊မရှိအား စိစစ်ဆဲအခြေအနေဖြစ်ပြီး မန္တလေးစက်မှုဇုန်တွင်မူ ဆိုးရွား သည့်အခြေအနေများကို လေ့လာတွေ့ရှိရကြောင်း၊ မန္တလေး စက်မှုဇုန် အတွင်းက စက်ရုံကြီးများ တွင် ရေဆိုး သန့်စင်စက်ရုံများ မဖြစ်မနေ တည်ဆောက် ထားရှိရန် ညွှန်ကြားထားသည်ဟု ပြောဆိုသည်။
ထို့ပြင် ဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကနဦး သဘာဝ ပတ်ဝန်း ကျင်ဆန်းစစ်ချက် (Initial Environmental Examination , IEE) ကို ရယူပြီးမှသာ ဆောင်ရွက် ရမည် ဟု ညွှန်ကြား ထားကြောင်း ၀န်ကြီးက ပြောသည်။
ပြီးခဲ့သည့်နှစ်က မန္တလေးစက်မှုဇုန်ရေဆိုးစွန့်ပစ်မှုကြောင့် တောင်သမန်အင်းမှ ငါးများသေခြင်း၊ စက်မှုဇုန် ရေဆိုး များ ကို မြစ်အတွင်း စွန့်ပစ်စေခြင်းဖြင့် မြစ်၏ ရေအရောင်နှင့် မြစ်ဘေးပတ်ဝန်းကျင်ရှိ အပင်များ သေခြင်း၊ ကုန်ထုတ် စက်ရုံများမှ ရေဆိုးများတွင် BOD (Biochemical Oxygen Demand) များပြားနေခြင်း၊ အခြေခံ လူတန်းစား များသည့် နိုင်ငံ ဖြစ်သောကြောင့် စက်ရုံအလုပ်ရုံများ၊ စီမံကိန်းများ လိုအပ်သော်လည်း သဘာဝ ပတ်ဝန်းကျင်မထိခိုက်ဘဲ ဒေသ အတွက်အကျိုးပြုမည့် လုပ်ငန်းများ ဖြစ်ရန် ဆောင်ရွက်ရ မည်ဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များက ထောက်ပြ ပြောဆိုကြသည်။
==================
251/End
၂၅ စက်တင်ဘာ ၂၀၁၆ - ၁၉:၂၅
News ID: 781416
မန္တလေးတိုင်းအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ကုန်ထုတ်စက်ရုံများက သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ လူထု အပေါ် ဆိုးကျိုးသက်ရောက်စေပါက ထိရောက်စွာအရေးယူပေးရေးအဆိုတရပ်ကို မန္တလေးတိုင်း ဒေသကြီးလွှတ်တော်က အတည်ပြု ထားကြောင်း သိရှိရသည်။