၂၇ စက်တင်ဘာ ၂၀၁၆ - ၁၇:၀၁
မလေးရှားမှခိုးလာသည့် ကားများ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားသို့ တင်သွင်းနေ

မလေးရှားနိုင်ငံမှ ကားခိုးဂိုဏ်းများအနေဖြင့် ခိုးယူထားသည့် ကားများကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့သာမက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများသို့ပါ ပို့ဆောင်ခဲ့ကြောင်း မလေးရှားအခြေစိုက် The Star သတင်းက ဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မလေးရှားနိုင်ငံမှ ကားခိုးဂိုဏ်းများအနေဖြင့် ခိုးယူထားသည့် ကားများကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့သာမက  မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများသို့ပါ  ပို့ဆောင်ခဲ့ကြောင်း မလေးရှားအခြေစိုက် The Star သတင်းက ဖော်ပြထားသည်။

အခိုးခံရသော ကားများမှာ ယင်းနိုင်ငံများသို့ ရောက်ရှိသွားပါက ရှာဖွေတွေ့ရှိရန် အခွင့်အလမ်း အလွန်နည်းပါး ကြောင်းလည်း ကားခိုးဂိုဏ်းများ၏ လုပ်နည်းလုပ်ဟန်များကို သိနေသည့် သတင်းရင်းမြစ်တခု၏ ပြောကြား ချက်ကို ကိုးကား၍ အဆိုပါ သတင်းက ဆိုသည်။

မလေးရှားအခြေစိုက် ကားခိုးဂိုဏ်းများနှင့် ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ကားခိုးဂိုဏ်းများအကြား ခိုင် မာသော ချိတ်ဆက်မှုရှိသဖြင့် သက်ဆိုင်ရာ အစိုးရများမှာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို နှိမ်နင်းရန် ခက်ခဲစေသည်ဟုသိရသည်။

“မလေးရှားက ခိုးလာတဲ့ ကားတွေကို ရေကြောင်းကနေ ကွန်တိန်နာ သင်္ဘောကတဆင့် စင်ကာပူကိုပို့တယ်၊ ပြီးတော့ ထိုင်းက Laem Chabang ဆိပ်ကမ်းမှာ ကုန်ချနိုင်ဖို့ အဓိကလုပ်တယ်” လို့ သတင်းအရင်းအမြစ်က
ဆိုသည်။

အခြေအနေအပေါ် မူတည်၍ ကွန်တိန်နာထဲမှ ခိုးကားများကို ထိုင်းနိုင်ငံ၌ ကုန်ချပြီး ယင်း ကွန်တိန်နာမှာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာလိမ့်မည် ဖြစ်သည်။ အကယ်၍ ထိုင်းနိုင်ငံ၌ မရောင်းရခဲ့လျှင် ထိုခိုးကားများကို အိမ်နီးချင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားသို့ ကုန်းလမ်း မှတဆင့် တရားမ၀င်တင်သွင်းသည်။

“တကယ်လို့ အဲဒီနိုင်ငံတွေကို ရောက်သွားရင်တော့ ခိုးကားတွေကို ပြန်ရှာဖို့ အခွင့်အရေးမရှိတော့ဘူး၊  အဲဒီ  နိုင်ငံတွေမှာ ခိုးကားတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်ရဖို့ ခက်သွားပြီ”ဟု ၎င်းကပြောသည်။

နောက်ဆုံးပေါ် လူသိများသော နည်းလမ်းများအနက် အွန်လိုင်းဝက်ဆိုဒ်များမှ တဆင့် မလေးရှားနိုင်ငံမှ ခိုးလာ သောကားများကို ထိုင်းနိုင်ငံတွင် ရောင်းချခဲ့ကြကြောင်း အဆိုပါ သတင်းအရင်း အမြစ်၏ ပြောပြ ချက်အရ သိရသည်။

ယခုလ အစောပိုင်းက ထိုင်းရဲတပ်ဖွဲမှ မလေးရှား ရင်းဂစ် ၂ ဒဿမ ၂သန်း တန်ဖိုးရှိသော ကား၂၂စီးကို မလေးရှား ရဲတပ်ဖွဲ့သို့ ပြန်လည် လွဲပြောင်း ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ကလည်း ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းတွင် ကားခိုးအဖွဲ့က တရားမ၀င်တင်သွင်း လာသည်ဟု ယူဆရသော ဇိမ်ခံကား ၁၈ကားကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သေးသည်။

အဆိုပါ ဖမ်းဆီးရမိသော ဇိမ်ခံကား ၁၈စီးမှာ မလေးရှားမှ ခိုးလာပြီး စင်ကာပူတွင် တထောက်နားကာ ထိုင်းနိုင်ငံ သို့ တရားမ၀င်တင်သွားလာသော ဇိမ်ခံကား ၄၃စီးအနက် ၁၈စီး ဖြစ်ကြောင် အဆိုပါ သတင်းရင်းမြစ်က ပြော သည်။

သို့သော် ကျန်ကား ၂၅စီးကို ယနေ့အချိန်အထိ ခြေရာမခံမိသေးကြောင်း သိရသည်။

အလားတူ မလေးရှားနိုင်ငံမှ အခိုးခံရသော ဇိမ်ခံကားများနှင့် ဘက်စုံသုံးကားများကို ထိုင်း-မြန်မာ နယ်စပ်နှင့် ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့၌ ကားပိုင်ရှင်အသစ်များက မောင်းသွားသည်ကို လွန်ခဲ့သော နှစ်များက တွေ့မိ ကြောင်း ၎င်းက ပြောသည်။

အခိုးခံရသော Four-wheel ကားများမှာ မြန်မာနိုင်ငံ၏ မှောင်ခိုဈေးကွက်တွင်  လူကြိုက်များသကဲ့သို့  ကမ္ဘောဒီးယားမှောင်ခိုဈေးကွက် ၀ယ်သူများအကြား၌မူ ဇိမ်ခံကားများနှင့် MPV ကားအမျိုးအစားမှာ လူကြိုက်များသည်ဟု သိရသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ အဆင့်မြင့်ရဲအရာရှိ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ အရာရှိများသည် အဆိုပါ အခိုးခံရသော ကားများကို မှတ်ပုံတင်အသစ်ဖြင့် မောင်းနှင်နေကြသည်ဟုဆိုသော စွပ်စွဲချက်များလည်း ရှိနေသည်။
==================
251/End