၂ နိုဝင်ဘာ ၂၀၁၆ - ၁၉:၀၇
 စက်သုံးဆီ ဆိပ်ကမ်းအတွင်း ဆောက်လုပ်ထားရှိသည့် အဆောက်အအုံများနှင့် ပစ္စည်းများကို တွေ့ရစဉ်

အင်းဝမြို့ဟောင်း၊ စစ်ကိုင်းတံတားနှင့် သပြေတန်းခံတပ် အနီးမှ စက်သုံးဆီဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ သမိုင်းဆိုင်ရာ အဆောက်အအုံများအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မည့် အခြေအနေများကို တင်ပြမည်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ အင်းဝမြို့ဟောင်း၊ စစ်ကိုင်းတံတားနှင့် သပြေတန်း ခံတပ်အနီး စက်သုံးဆီဆိပ်ကမ်း အကောင်အထည် ဖော်မှုကြောင့် သမိုင်းဆိုင်ရာ အဆောက်အအုံများအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အစီရင်ခံစာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က အကောင်အထည် ဖော်ခွင့်ပေးခဲ့သော စက်သုံးဆီဆိပ်ကမ်းကို အမရပူရမြို့နယ် ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာ စစ်ကိုင်းတံတား အဟောင်းနှင့် သပြေတန်းခံတပ်အနီး အိုးတုတ္တန်းဆိပ်ကမ်းသို့ သွားရာလမ်း အနောက်ဘက်နေရာတွင် အကောင်အထည် ဖော်ထားရှိပြီး ယခုအခါမြေဖို့ခြင်း၊ အဆောက်အအုံအချို့ ဆောက်လုပ်ခြင်းများ ပြုလုပ်ထားရှိကြောင်း သိရသည်။

“ဒီနေရာက စီမံကိန်း အကောင်အထည်ဖော်ဖို့ လုံးဝမချပေးသင့်တဲ့ နေရာပါ။ ဘာဖြစ်လို့လဲဆိုရင် မျက်ဝါးထင်ထင် မြင်တွေ့နိုင်တဲ့ ထုထည် ကြီးကြီးမားမားနဲ့ သမိုင်းဆိုင်ရာ အဆောက်အအုံတွေ အနီးမှာ ရှိနေတယ်။ စီမံကိန်းရှိနေလို့ အင်းဝမြို့ဟောင်းနဲ့ စစ်ကိုင်းတံတားကြီးကို တခြားနေရာ ရွှေ့လိုက်လို့မှ မရတာ။ စီမံကိန်းက ဒီနေရာမှာမလုပ်လည်း တခြားနေရာမှာ လုပ်လို့ရတယ်။ တကယ်လို့ ဆီဆိပ်ကမ်းကြီး ပြီးပြီဆိုပါတော့ ဆီတင်တဲ့ တွဲသင်္ဘောကြီးတွေ တံတားနဲ့ မြို့ဟောင်းအကြား ၀င်ထွက်သွားလာခဲ့ရင် အင်းဝမြို့ဟောင်းက သွားပြီ။ အခုလို အခြေအနေမှာတောင် အင်းဝမြို့ဟောင်းအနီး ကမ်းပါးတွေက တဖြည်းဖြည်း ပြိုလိုက်နေတယ်။ တကယ် စက်အရှိန်ပြင်းပြင်းနဲ့ ရေယာဉ်တွေဖြတ်သွားမယ် ဆိုရင်တော့ တွက်သာကြည့်လိုက်တော့။ အဲဒီအတွက်လည်း ကြိုတင်ပြီး ကမ်းပြိုကာကွယ်ရေးတွေ လုပ်တာ မတွေ့ရသေးဘူး” ဟု စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးမောင်မောင်ဦးက ပြောကြားသည်။

“နောက်အဓိက စိုးရိမ်စရာကောင်းတာက သပြေတန်းခံတပ်ပဲ။ ဆီဆိပ်ကမ်းနဲ့ ဘာမှမခြားဘဲ ကပ်လျက်ရှိနေတယ်။ ဆီဆိပ်ကမ်းမှာ သိုလှောင်မယ့် အနေအထားကလည်း နည်းနည်းနောနော ပမာဏ မဟုတ်ဘူး။ မတော်လို့ သဘာဝဘေးအန္တရာယ် ငလျင်ကြောင့်ပဲဖြစ်ဖြစ်၊ တခြားလူ့ပယောဂကြောင့်ပဲဖြစ်ဖြစ် ပေါက်ကွဲမှုဖြစ်ရင် သက်ရှိ၊ သက်မဲ့ ရုပ်ဝတ္ထုဆိုင်ရာတွေ အကုန်ဒုက္ခရောက်သွားမှာ။ အဲဒီနေရာကလည်း တကယ့်စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောနဲ့ နီးတယ်။ ဒါတွေက အကြမ်းဖျင်း မျက်မြင်ထိခိုက်နိုင်တဲ့ အခြေအနေတွေပဲ ရှိသေးတယ်။ နောက်ထပ် အသေးစိတ် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘ၀တွေအပေါ် ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာ မသိရသေးဘူး” ဟု ဦးမောင်မောင်ဦးက ဆက်လက် ပြောကြားသည်။

ထို့အတူ အင်းဝမြို့ဟောင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ အနေဖြင့် အိုးတုတ္တန်း ဆိပ်ကမ်းမှ အဓိက ၀င်ရောက်ခြင်းဖြစ်ကာ ခရီးသွားရာသီ၌ တစ်ရက်လျှင် စက်လှေခေါက်ရေ ၂၀၀ ခန့် ပို့ဆောင်ပေးလျက်ရှိပြီး စက်သုံးဆီဆိပ်ကမ်း အကောင်အထည်ဖော် ပြီးစီးပါက အိုးတုတ္တန်းလမ်းမှ ဆီသည်ဘောက်ဆာ ယာဉ်ကြီးများ အဆက်မပြတ် ဖြတ်သန်းသွားလာမှုကြောင့် အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား လုပ်ငန်းကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရသည်။  

စက်သုံးဆီကမ်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မည့် အခြေအနေများအား စိမ်းရောင်စိုအဖွဲ့နှင့် Natural Green Alliance သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းလေ့လာမှုများ ပြုလုပ်လျက်ရှိပြီး တွေ့ရှိချက်များနှင့် အကြံပြုချက်များအား တိုင်းဒေသကြီး အစိုးရဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မည့် အခြေအနေများကို စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် စီမံကိန်း ဖော်ဆောင်နေမှုအား ယာယီ ရပ်တန့်ထားရှိကြောင်း သိရသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတွေ ပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့ကနေ စီမံကိန်းနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်။ အခုစစ်ဆေးမှုတွေပြီးမှ တွေ့ရှိချက်တွေနဲ့ ဘာတွေလိုအပ်တယ်၊ ဘာတွေဆောင်ရွက်ရမယ် ဆိုတာတွေနဲ့ ဆက်လက် လုပ်ဆောင်သွားမှာပါ။ လက်ရှိမှာတော့ စီမံကိန်း ဖော်ဆောင်မှု ရပ်နားထားတာ တစ်လကျော် ရှိပါပြီ” ဟု မန္တလေးတိုင်းဒေသကြီး စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းမှ တွဲဖက်အတွင်းရေးမှူးက ပြောကြားသည်။

အဆိုပါ ဆိပ်ကမ်းစီမံကိန်းအား မြန်မာ့စွမ်းအင် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီမှ အကောင်အထည်ဖော် တည်ဆောက်ခြင်းဖြစ်ကာ ယခုနှစ်ဖေဖော်ဝါရီလအတွင်း စီမံကိန်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ စီမံကိန်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားမှုများ ပြုလုပ်ခဲ့ခြင်း မရှိဘဲ ယခင်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုက်ရိုက်ဆောင်ရွက်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

===================    
251 / End