၃ ဇန်နဝါရီ ၂၀၁၇ - ၁၇:၂၄
ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင့်ဝတ်နှင့်အညီ မဲဆွယ်ကြဖို့ ကော်မရှင်ဥက္ကဌ ညွှန်ကြား

နေပြည်တော်(ဇန်နဝါရီ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် ဧပြီလ ၁ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင် ကျင့်ဝတ်နှင့်အညီ မဲဆွယ်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေပြည်တော်(ဇန်နဝါရီ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် ဧပြီလ ၁ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင် ကျင့်ဝတ်နှင့်အညီ မဲဆွယ်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။

“မဲဆွယ်စည်းရုံးခြင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီများကျင့်ဝတ်နဲ့အညီ လေးစားလိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။ ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်အေးချမ်းရေးဟာ အဓိကကျတာနဲ့အညီ မိမိတို့ပါတီကို ထောက်ခံအားပေးကြတဲ့ ပြည်သူလူထုကိုလည်း ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆော်ဩ ဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ဦးလှသိန်းက ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇန်နဝါရီ ၃ရက်ကပြုလုပ်သည့် ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးတွင် ဦးလှသိန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၂၄)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း(၈၈)ဦး၊ တစ်သိပုဂ္ဂလကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၉၅)ဦးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇန်နဝါရီ ၃၀ရက်မှ မတ်လ ၃၀ရက်အထိ နှစ်လကြာ မဲဆွယ်စည်းရုံးခွင့် ရရှိမည် ဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလတွင် ပါတီဝင်အချင်းချင်းသော်လည်းကောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်းကောင်း၊ ပဋိပက္ခများ မဖြစ်ပွားအောင် နိုင်ငံရေးပါတီများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လည်း ကော်မရှင်ဥက္ကဌ ဦးလှသိန်းက တိုက်တွန်းသည်။

“ပြဿနာများ ပေါ်ပေါက်လာပါကလည်း ပဋိပက္ခအသွင်သို့ မရောက်ရှိရေး၊ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းရေးတို့အတွက် အလေးအနက်ထား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ဦးလှသိန်းက ဆိုသည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များအနေဖြင့် မဲရုံအတွင်း မဲဆွယ်စည်းရုံးသည့်ပုံစံ မဖြစ်ရေးသည်လည်း အထူးအရေးကြီးသည်ဟု ဦးလှသိန်းက အစည်းအဝေးတွင် ပြေဆိုခဲ့သေးသည်။

ကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကို အိမ်တိုင်ရာရောက်(Door to Door)စနစ်ဖြင့် ပြုစုခဲ့ပြီး ဖေဖော်ဝါရီ ၁ရက်မှ ၁၄ရက်အထိ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် မဲစာရင်းများကို ကြေငြာသွားမည် ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၉)နေရာ၊ လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)နေရာနှင့် လစ်လပ်ပြည်နယ်လွှတ်တော်(၇)နေရာတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ်မြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ

(၁) မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၂) ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၃) အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၎) လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၅) ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၆) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၇) ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၈) ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

၉) မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်



လစ်လပ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ

၁) ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)

၂) ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄)

၃) ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆)



လစ်လပ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ

၁) ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၂) ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

၃) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၎) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)

၅) ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၆) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)

၇) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)


===================
251 / End