အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရန် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က မေတ္တာရပ်ခံထားသည်။
ဖေဖော်ဝါရီအတွင်း ကျင်းပမည့် ၂၁ရာစုပင်လုံဒုတိယအစည်းအဝေးနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန်ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် အစိုးရက စီစဉ်နေသည်။
၂၀၁၇ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အလားအလာကောင်းများ ပိုမိုရရှိနိုင်သည်ဟု မျှော်လင့်ချက်များနှင့်အတူ ရင်ဆိုင်ရမည့်စိန်ခေါ်မှုများစွာလည်းစောင့်ကြိုနေဆဲဖြစ်သည်။
အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ
၂၀၁၇ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် စတင်ခဲ့သည်။ လူမျိုး၊ ဒေသနှင့်အ ကြောင်းအရာကို အခြေခံသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း ကရင်ပြည်နယ်က အ စပြု၍ ဒေသသုံးခုခန့်တွင်ကျင်းပရန် အစိုးရက ကြိုးပမ်းနေသည်။
ထို့အတူ သမိုင်းဝင် ၂၁ရာစု ပင်လုံညီလာခံဒုတိယအစည်းအဝေးကိုလည်း ဖေဖော်ဝါရီတွင် ကျင်းပမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၁၇ သည် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများစွာရှိသည့်နှစ်တစ်နှစ်ဟု လေ့လာသူများကမှတ်ချက်ပြုသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ၂၀၁၇မှာ ငြိမ်းချမ်းရေးအလားအလာပိုကောင်းနိုင်ကြောင်းသုံးသပ်သည်။
‘‘ပွင့်လင်းမြင်သာမှုတွေ ပိုကောင်းလာတဲ့အပေါ်မှာ တပ်မ တော်ဘက်ကသော်လည်းကောင်း ၊တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘက်ကသော်လည်းကောင်း ပဋိပက္ခတွေ စစ်ရေးအရှိန်မြှင့်တဲ့ကိစ္စ တွေမှာ ဖုံးဖုံးဖိဖိလုပ်လို့မရတော့ဘဲ တစ်ပြည်လုံးအတိုင်းအတာ၊ နိုင်ငံ တကာအတိုင်းအတာသိလာတဲ့အ ခါ အားလုံးပိုပြီး ထိန်းထိန်းသိမ်း သိမ်းဖြစ်လာမယ်လို့ယူဆတယ်’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆို သည်။
သို့သော် ၂၀၁၇ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာအခွင့်အလမ်းထက် စိန်ခေါ်မှုက ပိုမိုများပြားနိုင်ကြောင်း သုံးသပ်မှုများရှိသည်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌဒေါက်တာမနန်တူးဂျာက အဓိကရင်ဆိုင်ရမည့်စိန်ခေါ်မှုများမှာ ယုံကြည်မှုတည်ဆောက် ရေးတွက် အခြေခံဖြစ်သည့် တိုက် ပွဲအရှိန်အဟုန် လျှော့ချရေးဖြစ် ကြောင်းမှတ်ချက်ပြုသည်။
‘‘အခုလက်ရှိ အစိုးရကလည်း ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြား စေ့ရေးကို ဦးစားပေးပြီးတော့ ကြိုး စား ဖော်ဆောင်နေတဲ့အပိုင်းရှိ တယ်’’ဟု ဒေါက်တာတူးဂျာကဆို သည်။
‘‘တိုက်ပွဲတွေသာမရှိဘူးဆိုရင် ငြိမ်းချမ်းရေးအလားအလာအင်မတန် ကောင်းလာနိုင်ပါတယ်။တိုက်ပွဲအပေါ်မှာပဲ မူတည်တယ်ဗျ’’
ထို့အတူလက်နက်ကိုင်ပဋိပ က္ခများကြား အိမ်မပြန်နိုင်သေး သည့် စစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်နေသည့်အရပ်ဘက် အဖွဲ့အစည်းများကလည်း အဓိက ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာတိုက်ပွဲ များ ရပ်တန့်ရေးပင်ဖြစ်ကြောင်း ယခုကဲ့သို့ ထောက်ပြ ပြောဆိုသည်။
‘‘စိန်ခေါ်မှုကတော့ အဓိက လက်ရှိတိုက်ပွဲတွေ ပဋိပက္ခတွေ မြန်မြန်ချုပ်ငြိမ်းဖို့။ ဒါက အရေး ကြီးဆုံးအချက်လို့ ကျွန်တော်မြင်ပါ တယ်’’ဟု အရပ်ဘက်အဖွဲ့အစည်း ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)မှ ဦးဂွမ်ရှာအောင်က ပြောသည်။
‘‘ဒါကို လျှော့ချနိုင်မှ၊ ရပ်ပေး နိုင်မှပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပို ပြီးတော့ ရှေ့သွားနိုင်မှာ ဖြစ်ပါ တယ်’’
ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ် နိုင်ရေး ဘာတွေဆောင်ရွက်ကြိုးပမ်းသင့်သလဲ
‘‘ငြိမ်းချမ်းရေးဆိုတာရသင့် တာ ကြာပါပြီ။ အခုအချိန်ဟာ နောက်မစောင့်သင့်တော့ပါဘူး။ အားလုံးဝိုင်းပြီးတော့ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်နိုင် အောင်လို့ အားလုံးဝိုင်းဝန်းကူညီ ကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ် ပါတယ်’’
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁ ရက်တွင် ပြုလုပ်သည့် လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း၌ အပိတ်အမှာစကားအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။
NCA လက်မှတ်မရေးထိုး ထားသည့်အဖွဲ့များနှင့် စုဖွဲ့ထား သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ၂၀၁၇ ငြိမ်းချမ်းရေးမှာ စိန်ခေါ်မှု ပိုမိုများပြားနိုင် ကြောင်း သုံးသပ်သည်။ အဓိက စိန်ခေါ်မှုမှာ အစိုးရနှင့် တပ်မ တော်ကြား မူဝါဒကွာခြားမှုကြောင့် ဖြစ်ကြောင်း UNFC တွဲဖက်အ ထွေထွေအတွင်းရေးမှူး ဦးထွန်း ဇော်က သုံးသပ်သည်။
‘‘အစိုးရရဲ့ မူဝါဒမှာကျတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းအဖြေ ရှာမယ်။ အပေးအယူလုပ်မယ်။ ပြီးတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး မူဝါဒဆိုပြီးတော့ အောက်တိုဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံအ တိုင်းဆိုရင် အလားအလာကောင်း တယ်’’ ဟု ဦးထွန်းဇော်က ပြောသည်။ ဆက်လက်၍ ‘‘စိန်ခေါ်ချက် တွေကျတော့ တပ်မတော်ဘက်က သူ့ရဲ့မူဝါဒကို အသေဆုပ်ကိုင်တယ်ပေါ့ဗျာ။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒခြောက်ချက်မှာ နောက်ဆုံးနှစ်ချက်က တည်ဆဲဥပဒေကို လိုက်နာရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လုပ်ရမယ်ဆိုတာ မပြောင်းလဲတဲ့အခါ ငြိမ်းချမ်းရေး ဖော် ဆောင်ဖို့ခက်တယ်’’ဟု ဆိုသည်။
သို့သော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
‘‘၂၀၁၇ ခုနှစ်ကာလမှာ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည် ထောင်စုနိုင်ငံကြီးပေါ်ထွန်းရေး တို့အတွက် တပ်မတော် အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် မိန့်ခွန်းပြောစဉ်ကပင်ဗိုလ်ချုပ်မှူးကြီးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော် ကြီးပေါ်ထွန်းရေးဆိုသော စကားရပ်ကို ပြောကြားခဲ့ခြင်းမရှိပေ။
၂၀၁၇ တွင် ငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်နိုင်ရန်၊ စစ်ရေးအရှိန်လျှော့ချနိုင်ရန် တွေ့ဆုံဆွေး နွေးမှုများ အဆက်မပြတ်ပြုလုပ်ရမည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။
‘‘စစ်တိုက်တဲ့နေရာမှာ သတ္တိ ရှိကြတယ်၊ ရဲရင့်ကြတယ်လို့ ပြောလို့ရပေမယ့် ဆွေးနွေးတဲ့နေရာမှာ စစ်တိုက်တာထက်ကို သတ္တိရှိဖို့လိုတယ်’’ဟု ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။
‘‘စစ်တိုက်ရမှာကို သတ္တိရှိတယ်၊ ဆွေးနွေးရမှာ ကြောက်တယ်ဆိုရင် ပြဿနာက စပြီ။ ဒါ ကြောင့်စစ်တိုက်ရမှာကို သတ္တိရှိသလို ဆွေးနွေးရဖို့ကိုလည်း သတ္တိ မွေးပြီး၊ စွန့်စားပြီးတော့ ဆွေးနွေးသင့်တယ်’’
၂၀၁၇ ငြိမ်းချမ်းရေးအလား အလာမှာ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများကို ပထမဆုံး အကြိမ်စတင်ခြင်း၊ ၂၁ ပင်လုံဒုတိယအစည်းအဝေးများဖြင့် အရှိန်အဟုန်မြှင့်တင်ခြင်းစသည့် ကိစ္စရပ်များကြောင့် ပိုမိုတိုးတက်နိုင် ကြောင်း သုံးသပ်ကြသည်။ သို့ သော် NCA တွင် အားလုံးပါဝင် လက်မှတ်ရေးထိုးရေး၊ တိုက်ပွဲ များ လျော့ကျစေရန် နှစ်ဖက်ယုံ ကြည်မှုတည်ဆောက်ရေးစသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ဖြတ်သန်းရမည့်အနေအထားဖြစ် သည်။
ဒီမိုကရေစီ အသွင်ကူး ပြောင်းစနိုင်ငံအတွက် ဆယ်စုနှစ်ခုနစ်ခုကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်ရေး အရေးပါပုံကို အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ယခု ကဲ့သို့ပြောကြားသည်။
‘‘ကျွန်တော်တို့ နိုင်ငံဒီမိုက ရေစီရှိဖို့က ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို ပေးထားတဲ့ ကတိပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ရေးက တပ်မတော်ကလက် ခံမှ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ရပြီးမှ တပ်မတော်ကလည်း ဒီဖွဲ့ စည်းပုံပြင်ဖို့ကို ထောက်ခံနိုင်လိမ့် မယ်လို့ မြင်တယ်’’
‘‘အဲဒါကြောင့် ငြိမ်းချမ်းရေးရ မှ တပ်မတော်က လက်ခံမယ်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကလည်း ပြောထားပြီးသား။ ငြိမ်းချမ်းရေးရပြီးရင် တပ်မတော် သားတွေ လွှတ်တော်ထဲက ထွက် သွားပါမယ်ဆိုတာ။ အဲဒီတော့ ငြိမ်းချမ်းရေးရဖို့က အဓိကဖြစ်နေ တယ်’’
ဦးဂွမ်ရှာအောင်ကမူ စစ် ဘေးဒုက္ခသည်များ အပါအ၀င် ပြည်သူများ၏ မျက်နှာကို ထောက် ရှု၍ ငြိမ်းချမ်းရေးချိုးငှက်များ နှစ် သစ်တွင် ပျံဝဲနိုင်ရေး ၀ိုင်းဝန်းကြိုး ပမ်းကြရန် ယခုကဲ့သို့ တိုက်တွန်း ခဲ့သည်။
‘‘၂၀၁၇ ဟာ ပြည်သူလူထု မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးဖြစ်လာ ဖို့ ပြည်သူကရွေးကောက်ထားတဲ့ NLD အစိုးရသော်လည်းကောင်း၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေ အနေနဲ့သော် လည်းကောင်း ပြည်သူလူထုပါ အားလုံးဝိုင်းဝန်းကြိုးစားဖို့ လို မယ်ဆိုတာ ပြောချင်ပါတယ်’’
===================
251 / End