၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၀၉
"ကန့်ဘလူမြို့နယ်၊ အလယ်တန်းကျောင်းခွဲ(တင်မော်)ကျောင်းဂရန်မြေရရှိရေး သတင်းစာရှင်းလင်းပွဲပြုလုပ်"

ကန့်ဘလူ၊ဖေဖော်ဝါရီ ၅ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တင်မော်ကျေးရွာအုပ်စု၊ အလယ်တန်းကျောင်းခွဲ(တင်မော်)ကျောင်းပိုင် ဂရံမြေ ပြန်လည်ရရှိရေးအတွက် ဒေသခံများက ကော်မတီဖွဲ့၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တောင်းဆိုသွားမည်ဟု ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၁၀ နာရီက ၎င်းကျေးရွာတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကန့်ဘလူ၊ဖေဖော်ဝါရီ ၅ ။       ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တင်မော်ကျေးရွာအုပ်စု၊ အလယ်တန်းကျောင်းခွဲ(တင်မော်)ကျောင်းပိုင် ဂရံမြေ ပြန်လည်ရရှိရေးအတွက်   ဒေသခံများက ကော်မတီဖွဲ့၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တောင်းဆိုသွားမည်ဟု ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၁၀ နာရီက ၎င်းကျေးရွာတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

အဆိုပါကျောင်းရှိမြေသည် ယခင်က ဂရန်ပေါက်ရှိခဲ့ပြီး ၅ ဧကကျော်ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။ လက်ရှိအနေအထားတွင် ကျောင်းမြေဧရိယာသည် ၂ ဧကကျော်သာရှိနေပြီး ကျန် ကျောင်းမြေဧရိယာအတွင်းသို့ ဝင်ရောက်နေထိုင်မှုများရှိနေခြင်းကြောင့် စာသင်ကျောင်းတိုးချဲ့ရန်အတွက် အခက်အခဲများဖြစ်ပေါ်နေသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် အသက် ၇၆နှစ်အရွယ် ဦးအောင်ဒင်က"ကျောင်းမြေကို အရှိအတိုင်း မှန်မှန်ကန်ကန်ပြန်လိုချင်ပါတယ်။ ကလေးတွေပညာရေးအတွက်ပါ။   ကျောင်းတိုးချဲ့ဖို့အတွက် ခက်နေပါတယ်။ ကျောင်းမြေထဲကို နေအိမ်တွေဝင်ဆောက်နေတဲ့အတွက် သက်ဆိုင်ရာအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေချင်ပါတယ်"ဟု ပြောသည်။

ဂရန်မြေရရှိရေးကော်မတီ ဦးဆောင်သူ ဦးသိန်းဇော်ဦးက"ကျောင်းမြေထဲကို ဘယ်သူကနေထိုင်ခွင့်ပေးထားမှန်းမသိဘူး။ ကျွန်တော်တို့ကျောင်းက ဂရန်မြေ ရှိပြီးသားပါ။ အခု အဲဒီဂရန်မြေကို အုပ်စုအုပ်ချုပ်ရေးမှူးစီတောင်းတော့ မရှိတော့ဘူးဆိုပြီး ပြောတယ်။ ဒါကို မကျေနပ်တာ။ အားလုံးက မကျေနပ်ဘူး။ ဒါကြောင့် သတင်းစာရှင်းပွဲ လုပ်တာပဲ"ဟု ပြောသည်။

အဆိုပါကျောင်းတွင်ကျောင်းသူ၊ကျောင်းသား ၂၀၀ ကျော်ပညာသင်ကြားလျှက်ရှိ ရပ်မိ၊ရပ်ဖများနှင့်ဒေသခံများက အထက်တန်းကျောင်းခွဲတိုးမြှင့်ရရှိရေးအတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါကျောင်းမှ အလယ်တန်းပြကျောင်းဆရာ ဦးဇော်ချမ်းသာမြင့်က "ကျောင်းမြေရရှိဖို့အတွက်ပဲ လုပ်ပေးကြပါလို့ပြောချင်တယ် "ဟု ပြောသည်။

တင်မော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က"ကျွန်တော်ဆီမှာ ဂရန်မရှိဘဲ ဘယ်လိုပေးရမလဲ။ ဒါကြောင့် သူတို့လာတောင်းတော့ မရှိဘူးပြောတာပါ။ ကျောင်းမြေက ဂရန်မပေါက်သေးပါဘူး။ ကျောင်းမြေထဲ ဝင်ပြီးနေထိုင်တယ်ဆိုတာ ကျွန်တော့်လက်ထက်မှာ မဟုတ်ပါဘူး။ ဟိုတုန်းကတည်းကပါ"ဟု ပြောသည်။

ကန့်ဘလူမြို့နယ်၊ မြေစာရင်းဦးစီးဌာနမှ အဆိုပါကျေးရွာအုပ်စုတိုက်နယ်မှူး ဦးစိန်အောင်က "ကျောင်းက ပုံစံ၁၀၅/၁၀၆က ရှိပြီးသား။ ဂရန်မြေကတော့ မကျသေးဘူး။ အဲဒါကတော့လျှောက်ရမှာပါ။ ကျွန်တော့အနေနဲ့ကြတော့ ဂရန်ကိစ္စက ဘာမှမသိဘူး"ဟု ပြောသည်။

ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်က "အဲဒီကိစ္စ ကျွန်မဆီလည်း ရောက်တယ်။ ဒေသခံတွေနဲ့ အမြန်ဆုံးတွေ့ဆုံပြီး စီစစ်မေးမြန်းပါဦးမယ်"ဟု ပြောသည်။

အဆိုပါကျောင်းဝင်းအတွင်း ဝင်ရောက်နေထိုင်ခဲ့သူများဟု စွပ်စွဲခံထားရသူများကလည်း ယခုနေရာတွင်နေထိုင်လာသူများမှာ နှစ်ပေါင်း ၄၀ ခန့်ရှိနေပြီး လက်ရှိနေရာမှ ဖယ်ရှားပေးမည်မဟုတ်ဟုလည်း ဆိုကြသည်။

ကျောင်းမြေဂရန်ရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်းသိရသည်။

===================
251/End