အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရားမဝင် သစ်ထုတ်လုပ်မှုနှင့် ရောင်းချမှုများ စောင့်ကြည့်စစ်ဆေးမည့် အရပ်ဘက်၊ ကုမ္ပဏီနှင့် အစိုးရပါဝင်သော သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ ဖွဲ့စည်းမည်ဟု သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောက ပြောသည်။
တရားမဝင် သစ်ခိုးထုတ်မှုများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မေလအထိ ကွင်းဆင်းလေ့လာမှုများပြု လုပ်ပြီးနောက် အဖွဲ့ဝင် ၂၄ ဦးပါ အဆိုပါသုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ကို ယခုနှစ်အတွင်း ဖွဲ့စည်းမည်ဟု ဦးကျော်ဇောက ပြောသည်။
‘‘ကုမ္ပဏီက ရှစ်ယောက်၊ အရပ်ဘက်ကိုယ်စားလှယ်က ရှစ်ယောက်၊ အစိုးရဘက်က ရှစ်ယောက်ပေါင်း ၂၄ ယောက်နဲ့ သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့သွားမယ်။ အဲဒီအဖွဲ့က တရားမဝင်သစ်ဟုတ်၊ မဟုတ် စစ်ဆေးသွားမယ်’’ ဟု ဦးကျော်ဇောက ပြောသည်။
သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး အရပ်ဘက်၊ ကုမ္ပဏီနှင့်အစိုးရတွေ့ဆုံမည့် နိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ဇန်နဝါရီတွင် ပြုလုပ်ခဲ့ပြီးနောက် တရားဝင်ဖွဲ့စည်းမှုကို ၂၀၁၇ တွင် ဖွဲ့စည်းရန် ပြင်ဆင်ခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့ကို ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ဖွဲ့စည်းမည်ဖြစ်ပြီး အစိုးရအဖွဲ့ဝင် ရှစ်ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အကောက်ခွန်နှင့် နိုင်ငံခြားရေးဝန် ကြီးဌာနတို့က ရွေးချယ်မည်ဟု ဆိုသည်။
‘‘ဒီစီမံကိန်းအောင်မြင်သွားမယ်ဆိုရင် မှောင်ခိုအပိုင်းကို ထိန်းချုပ်သွားနိုင်မယ်။ နောက်ကြောင်း ပြန်စစ်တဲ့အတွက် တရားမဝင်သစ်ထုတ်လုပ်တင်ပို့ခြင်းကို ဖယ်ရှားသွားနိုင်မှာပါ။ နောက်ပြီး အစိုးရပိုင်းက ကြည့်ရင် တရားဥပဒေစိုး မိုးမှုအားကောင်းလာမယ်လို့မြင် ပါတယ်’’ဟု ဦးကျော်ဇောက ပြောသည်။
ဥရောပနိုင်ငံများသို့ မြန်မာသစ်များတင်ပို့မည်ဆိုပါက ဥရောပသမဂ္ဂအဖွဲ့က သတ်မှတ်ထားသည့် သစ်တောဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်ရေးနှင့် ကုန်သွယ်ရေး FLEGT အဖွဲ့ဝင်နိုင်ငံ ဖြစ်ရမည် ဖြစ်သည်။
၎င်းတို့သတ်မှတ်ထားသည့် FLEGT ၏စံနှုန်းများတွင် ဥရောပ ဈေးကွက်သို့ တင်ပို့မည့်သစ်များသည် ဌာနေတိုင်းရင်းသားများ၏ သဘောတူညီမှုနှင့်ထုတ်လုပ်ထားသော သစ်များဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် သစ်ထုတ်လုပ်သည့်အဆင့်များတွင် အလုပ်သမားအခွင့် အရေးစောင့်ထိန်းလိုက်နာခြင်းနှင့် သဘာဝပတ်ဝန်းကျင်စောင့်ထိန်း လိုက်နာမှုလည်း ရှိရမည်ဖြစ်သည်။
အဆိုပါစံနှုန်းများကို စောင့်ကြည့်လေ့လာ အကဲဖြတ်ထိန်းကျောင်းရန် အစိုးရ၊ အရပ်ဘက်၊ ကုမ္ပဏီပါဝင်သော သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်သည်။ သုံးပွင့်ဆိုင်အဖွဲ့က စိစစ်အကဲဖြတ်သည့် အစီရင်ခံစာမှန်ကန်မှု ရှိ၊ မရှိEU က စစ်ဆေးမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက မြန်မာနိုင်ငံသည် အီးယူစံနှုန်းများ နှင့် ကိုက်ညီသည့် သစ်တင်ပို့နိုင်သော နိုင်ငံဖြစ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် သစ်များသည် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီမှုမရှိခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများရှိခြင်း စသည်တို့ကြောင့် အမေရိကန်နိုင်ငံနည်းတူ ဥရောပနိုင်ငံများကလည်း အချိန်ကြာမြင့်စွာ အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံများက မြန်မာသစ်များ တင်ပို့မှုကို ဖြေလျှော့ခဲ့သည်။ သို့သော် ၎င်းတို့ ချမှတ်ထားသည့် စည်းကမ်းများ နှင့်အညီ တင်ပို့ရန် မြန်မာနိုင်ငံကို ကမ်းလှမ်းခဲ့သည်။
မြန်မာနိုင်ငံသည် ဥရောပ သမဂ္ဂအဖွဲ့က တောင်းဆိုထားသည့် စည်းမျဉ်းများနှင့်အညီ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည်။ အကောင်အထည် ဖော်ဆဲကာလအတွင်း မြန်မာနိုင်ငံမှ တရားဝင်ထုတ်လုပ်ထားသည့် သစ်ဖြစ်ကြောင်း စိစစ်ဖြေဆိုထားသည့် အချက်အလက်များဖြင့် ၂၀၁၂ နှစ်လယ်ကစ၍ ဥရောပ သို့ မြန်မာသစ်များ တင်ပို့လျက်ရှိသည်။
===================
251/End
၂၂ ဖေဖော်ဝါရီ ၂၀၁၇ - ၀၆:၅၆
News ID: 813343
တရားမဝင် သစ်ထုတ်လုပ်မှုနှင့် ရောင်းချမှုများ စောင့်ကြည့်စစ်ဆေးမည့် အရပ်ဘက်၊ ကုမ္ပဏီနှင့် အစိုးရပါဝင်သော သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ ဖွဲ့စည်းမည်ဟု သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောက ပြောသည်။