အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းမိုင်၊ ဧပြီ ၁၈ ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ နှင့် ကက်သလစ်သာသနာဂိုဏ်းအုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်တို့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့သည်ဟု သိရသည်။
မြစ်ကြီးနားမြို့ရှိ စိန်ကိုလန်ဘန်ကာဒီဒယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော် အပါအဝင် အားလုံးပါဝင်ရမည်ဟု တောင်းဆိုတင်ပြခဲ့သည်ဟု ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်က မိန့်ကြားသည်။
“သူတို့က နှစ်သစ်မင်္ဂလာ လာပြီးတော့ နှုတ်ဆက်ဂါရဝပြုတဲ့အကြောင်း ပြောတယ်။ နောက်ပြီးတော့ အသင်းတော်ကနေ သူတို့ကို ပြန်ပြီး တောင်းဆိုတာက ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့နဲ့ ပြည်သူလူထုနဲ့ နိုင်ငံတော်ကြီးကို သမာသမတ် ငြိမ်းချမ်းရေး ကိုယ်စားပြု ဦးဆောင်ပေးဖို့ ကာကွယ်စောင့်ရှောက်ဖို့ ပြောတယ်။ တိုင်းမှူးဘက်ကလည်း အဓိက ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေး အရေးကြီးတယ်ဆိုတာ ပြောတယ်”ဟု ဆရာတော်ကြီးက မဇ္စျိမကို မိန့်သည်။
ဆရာတော်ကြီး အသင်းတော်မှ ဘိန်းဖြတ်စခန်း “ဘဝသစ် ပြန်လည်ထူထောင်ရေးဂေဟာ” ဖွင့်လှစ်ထားသဖြင့် သက်ဆိုင်ရာမှ ၎င်းစခန်းအား ဝိုင်းဝန်းစောင့်ရှောက်လမ်းညွန်ပေးရန် တိုင်းမှူးအား တင်ပြခဲ့သည်ဟု ဆက်လက် မိန့်ကြားသည်။
ထို့ပြင် တိုင်းမှူးနှင့် မတွေ့ဆုံမီ ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အစိုးရ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းသည် နှစ်သစ်ကူးကာလ ကောင်းချီးမင်္ဂလာ လာရောက်ခံယူခြင်း ဖြစ်ကြောင်း ပြောကြားကာ အသင်းတော်အတွက် အလှူငွေ ၁၅ သိန်းလှူဒါန်းခဲ့သည်ဟု သူက ပြောသည်။
“ဝန်ကြီးချုပ်တို့အဖွဲ့ကလည်း နိုင်ငံတော်က တာဝန်ပေးထားတဲ့လုပ်ငန်းတွေကို သူတို့ အသတ်နိုင်ဆုံး ဖော်ဆောင်နေပါတယ်။ ပြည်သူလူထုပါဝင်ဖို့ အသင်းတော်ကနေ ငြိမ်းချမ်းခြင်းအတွက် အားလုံး တွေ့ဆုံရမယ့် နေရာက ဘာသာရေးကျောင်းတွေပဲ ဖြစ်တယ်။ အဲဒါကို ဝိုင်းဝန်းဆုတောင်းပေးဖို့ မေတ္တာရပ်ခံတယ်”ဟု ဆရာတော်ကြီးက မိန့်ကြားသည်။
တွေ့ဆုံဆွေးနွေးပြီးနောက် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေမှ အသင်းတော်အတွက် အလှူငွေ ကျပ် ၅ သိန်း လှူဒါန်းခဲ့သလို၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖွဲ့ကလည်း အလှူငွေ ကျပ် ၁၅ သိန်း လှူဒါန်းပေးခဲ့သည်ဟု ဆိုသည်။
ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဝန်ကြီးချုပ်တို့အဖွဲ့သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ အပါအဝင် အခြားဘာသာရေး အဖွဲ့အစည်းများထံသို့လည်း သွားရောက် ဂါရဝပြုမှုများ ပြုလုပ်နေသည်ဟု သိရသည်။
လက်ရှိ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့များအကြား (KIO) တိုက်ပွဲ ဖြစ်ပွားမှု တည်ငြိမ်နေသည်။ KIO ကလည်း အစိုးရဖော်ဆောင်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဦးဆောင်မှုဖြင့် ပါဝင်ဆွေးနွေးနေသည်။
===================
251/End
၁၈ ဧပြီ ၂၀၁၇ - ၀၅:၅၉
News ID: 824490
ချင်းမိုင်၊ ဧပြီ ၁၈ ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ နှင့် ကက်သလစ်သာသနာဂိုဏ်းအုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်တို့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့သည်ဟု သိရသည်။