အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရားမ၀င် သစ်ထုတ်လုပ်ငန်း လုပ်ကိုင်သည့် ဒေါ်စန်းအတွက် လုပ်ငန်းအဆင်ပြေ ချောမွေ့စေရန် လိုင်းကြေးဟု အရပ်ခေါ်သည့် လာဘ်ငွေများပေး၍ လုပ်ကိုင်ခဲ့ရသည်မှာ နှစ်အတော်ပင် ကြာနေပြီ။ သစ်ကားဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ဟိုဌာန၊ သည်ဌာနဟု အကြောင်းအမျိုးမျိုးဖြင့် လိုင်းကြေး ကောက်ယူတိုင်းကိုလာဘ်ထိုးခဲ့ရသည်ချည်းပင် ဖြစ်သည်။
သို့သော် ပြီးခဲ့သည့်နှစ်အတွင်းက ယင်းဟိုဌာန၊ သည်ဌာနတို့အပြင် သစ်ကားများကို လိုင်း ကြေးကောက်သည့် အဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာသည်။အထူး သတင်းထောက်အဖွဲ့ဟု အမည်တပ်ကာ လိုင်းကြေးကောက်ခံသည့် အဆိုပါအဖွဲ့ကို တရားမ၀င် သစ်ထုတ်လုပ်သူများက စာနယ်ဇင်း အဖွဲ့ဟုလည်း အလွယ်ခေါ်သည်။
ယင်းအဖွဲ့က ကိုယ်တိုင်လာ ကောက်သည်တော့မဟုတ်။ အ ခြားလိုင်းကြေးကောက်သည့်အဖွဲ့ များကဲ့သို့ပင် ကိုယ်စားလှယ်များမှ တစ်ဆင့် ကောက်ခံခြင်းဖြစ်သည်။ ယင်းကိုယ်စားလှယ်က သစ်ကား များဖြတ်သန်းရာလမ်းတွင် စောင့် ဆိုင်းနေပြီး အဖွဲ့နာမည်သုံးကာ ငွေကြေးကောက်ခံသည်။ တရားမ ၀င်လုပ်ကိုင်နေရသူများအဖို့ ၎င်း တို့တောင်းသည့်ငွေကို ငြင်းဆန် နိုင်ရန် မဖြစ်နိုင်ပေ။ အကယ်၍ ငြင်းဆန်ခဲ့လျှင်လည်း သက်ဆိုင် ရာ သစ်တော၊ ရဲ စသည့်ဌာနများ သို့ တိုင်တန်းမည်ဟု ခြိမ်းခြောက် မှုကြောင့်လည်း ကြောက်ရွံ့သော ကြောင့်ဖြစ်သည်။
‘‘အဲဒီ စာနယ်ဇင်းအဖွဲ့ကို သစ်ကားတစ်စီးက အကြီးအသေး ပေါ်မူတည်ပြီး အသေး ၇,၀၀၀၊ အကြီး ၁၅,၀၀၀ ပေးရတယ်။ မပေးရင်လည်း တိုင်ခံရတော့ အဆင် မပြေဘူး’’ဟု ဧရာဝတီတိုင်း၊ သာ ပေါင်းမြို့နယ်မှ သစ်လုပ်ငန်း လုပ် ကိုင်သူ ဒေါ်စန်းက ပြောသည်။
ယင်းကဲ့သို့ သတင်းသမားဟု အမည်ခံထားသူများက ဒေါ်စန်း ကဲ့သို့ ဥပဒေနှင့်မလွတ်ကင်းသူ များထံမှ ခြိမ်းခြောက်ငွေကြေး တောင်းခံနေသည့် အဖြစ်အပျက် များမှာယခင်ကလည်းရှိခဲ့ဖူးသည်။ ကျင့်ဝတ်နှင့်မညီဘဲ ငွေကြေး လောဘအရ လုပ်ကိုင်နေသည့် သတင်းသမားအမည်ခံများ၏ အကြောင်းများမှာ ဟိုတစ်စ၊ သည် တစ်စဖြင့် ထွက်ပေါ်ခဲ့ဖူးသည်။
သို့သော် မကြာသေးမီအချိန်က လူပေါင်းသောင်းချီပါဝင်နေ သည့် မီဒီယာအမည်ခံ ဖွဲ့စည်းခဲ့ သော အဖွဲ့အစည်းကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး သတင်းသမားအမည်ခံပြီး ကျင့်ဝတ်ဖောက်ဖျက်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း သတင်း ထောက်များ၊ သတင်းထောက် အဖွဲ့အစည်းများကပြောသည်။ ယင်းကြောင့်လည်း သတင်းမီဒီယာ လောကအတွက် ထိပါးရိုက်ခတ်မှု များဖြစ်ပေါ်လာမည်ကို သတင်း ထောက်များ စိုးရိမ်လာခဲ့သည်။

မြန်မာဂျာနယ်လစ်ကွန်ရက်အပါအ၀င် မီဒီယာအဖွဲ့အစည်း ၁၁ ခုတို့ ပူးပေါင်းထုတ်ပြန်သော ကြေညာချက်
မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်း (ဗဟိုအဖွဲ့ချုပ်)ကို ပြည်ထဲရေးဝန်ကြီးဟောင်း တစ်ဦး၊ အငြိမ်းစားရဲအရာရှိကြီး များနှင့် အစိုးရအရာရှိဟောင်းများ ဦးဆောင်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အသင်း၏ နာယကအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဟောင်းတစ်ဦးအပါအ၀င် ခုနစ်ဦးရှိပြီး အငြိမ်းစားရဲမှူးချုပ်နှင့် ရဲမှူးကြီးများ၊ ညွှန်ကြားရေးမှူးများ ပါ ၀င်သည်။ ဗဟိုဥပဒေအကြံပေး အဖွဲ့တွင်လည်း လူပုဂ္ဂိုလ် ၁၅ ဦးပါဝင် ကာ ရဲအရာရှိဟောင်းကြီးများ၊ အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဥပဒေရေးရာဌာနမှ အငြိမ်းစား အရာရှိများဖြင့် ဖွဲ့စည်းခဲ့သည်။ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဦးဟန်ညွန့် (နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် က ကောင်စီဝင်အဖြစ် ရွေးချယ် အမည်စာရင်းပေးသူ) က တာဝန်ယူထားသည်။ ရှုထောင့်မှုခင်းနှင့် သတင်းမီဒီယာမှ အမှုဆောင် အရာရှိချုပ် ဦးသက်နိုင်ဦးက တွဲဖက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
အဆိုပါအသင်းကို ၂၀၁၆မတ်လက ပြည်ထဲရေးဝန်ကြီးဌာန ထံသို့ တရားဝင်ဖွဲ့စည်းခွင့်တောင်း ခံကာ သုံးလခန့်အကြာတွင် တရား ၀င်ဖွဲ့စည်းမှတ်ပုံတင်ခွင့်ရရှိခဲ့ သည်။ တရားဥပဒေစိုးမိုးရေးနှင့် မှု ခင်းကျဆင်းရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း တည်ထောင်သူနှင့် ပူးတွဲဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ပြောသည်။
သတင်းသမားအမည်ခံများ ၏ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ခြိမ်း ခြောက်ငွေညှစ်မှုများအကြောင်း ကို တိုင်းသိပြည်သိဖြစ်လာခြင်းနှင့် ယင်းအသင်းအကြောင်း လူသိ များလာခြင်းမှာ ဧပြီ ၂၅ ရက်တွင် ထွက်ပေါ်လာ သည့် ကြေညာချက် နှစ်ခုကြောင့်ဖြစ် သည်။ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှတစ်စောင်နှင့် မြန်မာ ဂျာနယ်လစ်ကွန်ရက်အပါအ၀င် မီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့တို့ ပူးပေါင်းရေးသားသည့် စာတစ် စောင်တို့ဖြစ်သည်။ ယင်းစာနှစ် စောင်စလုံးတွင် မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များ အသင်း (ဗဟို-အဖွဲ့ချုပ်) ဥက္ကဋ္ဌထံသို့ လိပ်မူထားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ စာတွင် သတင်းမီဒီ ယာဥပဒေနှင့်မညီဘဲ ဥပဒေမဲ့လုပ် ဆောင်မှုများ လုပ်ကိုင်နေခြင်းကိစ္စ ဟု အကြောင်းအရာတပ်ထားပြီး မီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့၏ စာ တွင် မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်း (ဗဟို-အဖွဲ့ ချုပ်) အဖွဲ့ဝင်များအား စိစစ်ပေးပါရန်ဟု တိုက်ရိုက်ဖော်ပြထားသည်။
မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်းက ရောင်းချ သည့် အဖွဲ့အစည်းတံဆိပ်များ၊ ယူနီဖောင်းများဝတ်ဆင်ကာ ယင်း အဖွဲ့အစည်းများ၏ နာမည်ဖြင့် သတင်းထောက်ဟုပြောဆိုပြီး သ တင်းရင်းမြစ်များထံမှ ခြိမ်းခြောက် ငွေတောင်းယူမှုများ နိုင်ငံအနှံ့တွင် တွေ့မြင်နေရသည်ဟု မီဒီယာ အဖွဲ့အစည်းများ၏ စာတွင် ဖော် ပြထားသည်။
ယခုအခါ သတင်းမီဒီယာ သမားများဖြစ်သော သတင်း ထောက်အချို့သည် သတင်းမီဒီ ယာကျင့်ဝတ် (Media Code of Conduct) နှင့်မညီဘဲ ဥပဒေမဲ့အ လုပ်များ လုပ်ဆောင်နေကြောင်း ခိုင်လုံသောသတင်းများ ရရှိထား ပါသည်ဟု မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီ၏စာတွင် ဖော်ပြ ထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်အပါအ၀င် မီဒီယာအဖွဲ့အစည်း ၁၁ ခုတို့ ပူးပေါင်းထုတ်ပြန်သော ကြေညာချက်
၂၀၁၇ ဧပြီ ၁၆ ရက်ကရှုထောင့် သတင်းမီဒီယာရုံးချုပ် (ဗဟို)က ပေးအပ်ထားသည့် အ ထူးသတင်းထောက်ကတ်ပြားများ ကိုင်ဆောင်ထားသူနှစ်ဦးက အခ ကြေးငွေရယူကာ ဘင်္ဂါလီများကို စစ်တွေမြို့သို့ ဆိုင်ကယ်ဖြင့် ခေါ် ဆောင်လာစဉ် တောင်ကုတ်မြို့ တွင် ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းက သက်သေတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များအသင်းကို ရှု ထောင့်သတင်းမီဒီယာက ဖွဲ့စည်းထားပြီး ရှုထောင့်သတင်းထောက်များသည် မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်း၏ အသင်းဝင်များဖြစ်သည်။
‘‘နယ်တွေသွားတဲ့အခါ ကျွန် တော်တို့ ကွန်ရက်အဖွဲ့ဝင်တွေဆီ ကနေ ပြန်ပြန်ကြားနေရတယ်’’ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အ ထွေထွေအတွင်းရေးမှူး ကိုဇေ ယျာလှိုင်က သတင်းရင်းမြစ်များ ထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံ နေမှုများနှင့် ပတ်သက်၍ ပြော သည်။
ဧရာဝတီတိုင်း ငပုတောမြို့ နယ်ရှိ ငရုတ်ကောင်းတောင်တွင် တရားမဝင်သစ်လုပ်ငန်းလုပ်ကိုင် နေသော အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကလည်း မှုခင်းသတင်းထောက်အဖွဲ့ဆိုသူ ၏ ခြိမ်းခြောက်ငွေတောင်းခံမှု ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။ ၎င်း၏သစ်များကို မှုခင်းအထူးအဖွဲ့ ဆိုသူများက ဓာတ်ပုံများလာရိုက် ပြီး သစ်များနှင့်ပတ်သက်၍ မေး မြန်းကာ ငွေကျပ် ၁၀ သိန်း တောင်းခဲ့ကြောင်း ၎င်းက အတွေ့ အကြုံကို ပြောသည်။
‘‘မပေးနိုင်ဘူး။ သစ်တွေက ၁၀ သိန်းမတန်ဘူးလို့ပြောတော့ တိုင်မယ်လို့ ပြန်ပြောတယ်။ သူ တို့ဖုန်းဆက်ခေါ်ပြီး ခဏကြာတော့ရဲတွေရောက်လာပြီး ဖမ်းတယ်။ ရဲ တွေကလည်း မီဒီယာတွေလို့ပဲ သိ ထားတော့ ကျွန်တော့်သစ်တွေကို ဖမ်းသွားတာပေါ့’’ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ သတင်းသမားဆိုသူများက ခြိမ်းခြောက်ငွေတောင်း ယူနေမှုများသည် နယ်ဒေသများ တွင် အဖြစ်များနေပြီး တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ ခြိမ်းခြောက်ငွေတောင်းခံလေ့ ရှိသည်။ ယခုဆောင်းပါးအတွက် ခြိမ်းခြောက်ငွေတောင်းခံရသူများ ကို 7Day News ဂျာနယ်က မေး မြန်းရာ အချို့မှာ ဖြစ်စဉ်ကို ပြော ပြသော်လည်း ၎င်းတို့၏ လုပ်ငန်း များမှာ တရားမ၀င်လုပ်ငန်းများ ဖြစ်၍ အမည်ထုတ်ဖော်ပြောကြား လိုကြခြင်းမရှိပေ။
‘‘ဒီမှာ (ပခုက္ကူ)က မှုခင်းဆို ရင် နှစ်ဖွဲ့ရှိတယ်။ နှစ်ဖွဲ့စလုံးက တော့ လိုင်းကြေးတောင်းတာနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလ အပြီးမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ နေအိမ်တွေကို မှုခင်းသတင်းထောက်အဖွဲ့တစ်ဖွဲ့ က တစ်အိမ်တစ်သောင်းလိုက် ကောက်ပြီး လစဉ်ကြေးလည်း ပေးရမယ်ဆိုပြီး လုပ်သွားတယ်။ လွန်ခဲ့တဲ့ လေးလလောက်ကပဲ ပခုက္ကူ အကျဉ်းထောင်မှူးဆီကို ငွေသွားတောင်းလို့ ပြဿနာဖြစ် တယ်လို့ကြားတယ်။ နောက် တရားမဝင်သစ်ထုတ်လုပ်သူတွေ ဆီကလည်း လိုင်းကြေးတောင်း တာတွေရှိနေတယ်လို့ သိရတယ်’’ဟု မကွေးတိုင်း ပခုက္ကူမြို့နယ် မှ ဒေသခံသတင်း သတင်းသမား တစ်ဦးကလည်း ပြောသည်။
အောင်လံဒေသခံသတင်း ထောက်တစ်ဦးကလည်း မှုခင်းသတင်းထောက်ကတ်ကိုင်ဆောင် သူအများစုသည် ဒေသခံ ရဲသတင်း ပေးလုပ်ကိုင်သူများနှင့် တွဲဖက်သွားလာမှုအများဆုံးဖြစ်နေသည်ကို တွေ့ရကြောင်းဆိုသည်။
ထို့အပြင် သစ်ထုတ်လုပ်ငန်း၊ မီးသွေးလုပ်ငန်း၊ သားသတ်လုပ်ငန်းနှင့် ကျွဲနွားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအများစုမှာ မှုခင်းသတင်းထောက်ဆိုသူများထံသို့ လိုင်းကြေးကဲ့သို့ ငွေကြေး ပမာဏတစ်ရပ် ပေးဆောင်နေရ ပြီး မပေးဆောင်ပါက တရားဝင် လိုင်စင်ရရှိထားသည့် လုပ်ငန်းများ ဖြစ်သော်လည်း စည်းမျဉ်းစည်း ကမ်းများနှင့် ညီညွတ်ခြင်းမရှိဟု ခေါင်းစဉ်တပ်ကာ သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိုင်ကြားခံရမှုများရှိနေကြောင်း သရက်ခရိုင်ရှိ တရားမဝင် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူက ဆိုသည်။
၎င်းကိုယ်တိုင်ပင်လျှင် မှုခင်းသတင်းထောက်ဆိုသူများက တစ်လတစ်ကြိမ် လိုင်းကြေး လာရောက်ကောက်ခံမှုကို ကြုံတွေ့ရပြီး တစ်လတစ်သောင်းကျပ် ပေးဆောင်ရကြောင်း ပြောသည်။
‘‘တရားမဝင်လုပ်ငန်းတွေကို လိုင်းကြေးပုံစံ ပိုက်ဆံကောက်တဲ့အခါ မှုခင်းသတင်းထောက်ဆို သူက အားလုံးကိုယ်စားပုံစံနဲ့ လာကောက်ပါတယ်။ ပေးရင် အလုပ်က အေးအေးဆေးဆေးလုပ်လို့ရ ပါတယ်။ မပေးရင်တော့ ပြဿနာတစ်ခုမဟုတ် တစ်ခုတက်တော့တာပါပဲ’’ဟု တရားမဝင် မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်သူက ပြောကြားသည်။
ငွေတောင်းသူများကို မပေး လျှင် တိုင်ကြားခံရသဖြင့် သက် ဆိုင်ရာအဖွဲ့အစည်းများ၏ စစ်ဆေးမေးမြန်းမှုခံရကာ စစ်ဆေးနေစဉ်အတွင်း လုပ်ငန်းရပ်နားထား ရသောကြောင့် ပြဿနာမဖြစ်စေ ရန် တောင်းခံသည့်ငွေများကို ပေးဆောင်နေရကြောင်း အောင်လံမြို့နယ်ရှိ ဒေသခံလုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်း (အဖွဲ့ချုပ်) ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ယင်းနှင့် ဆက်စပ်သည့် ရှုထောင့်မီဒီယာမှ သတင်းထောက်များသည် အထူးသတင်းထောက်ဆို သည့် ကတ်ပြားများ၊ ဝတ်စုံများဖြင့် လှုပ်ရှားမှုများ ပိုမိုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နယ်သတင်း ထောက်အချို့က ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံမှုခင်းသတင်း ထောက်များအသင်းက မြို့နယ်များတွင် ရုံးခွဲအများအပြား ဖွင့်လှစ်လာခဲ့ကြောင်း ၎င်းတို့က ပြော သည်။
မှုခင်းသတင်းထောက်များ အသင်းတည်ထောင်သူနှင့် ရှု ထောင့်မီဒီယာအမှုဆောင်အရာရှိ ချုပ်လည်းဖြစ်သူ ဦးသက်နိုင်ဦးက ရှုထောင့်မီဒီယာအနေဖြင့် ၎င်းတို့၏ သတင်းထောက်များကို လုပ်သက်များ အလိုက်ခွဲခြားပြီး လုပ် သက်များသူများကို အထူးသတင်း ထောက်အဖြစ် ခန့်အပ်ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်းဝင်များအနေ ဖြင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများနှင့် ပတ် သက်၍ မေးမြန်းရာတွင် အသင်းတွဲဖက်ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ယင်းဖြစ်ရပ်များသည် အဖွဲ့အစည်းက ကျူးလွန်သည့်ကိစ္စမဟုတ်ဘဲ အသင်းဝင် သတင်းထောက်တစ်ဦးချင်းစီက လုပ်ဆောင်နေသည့် လုပ်ရပ်များဖြစ်ကြောင်း ပြောသည်။
‘‘ကျွန်တော်တို့ မှုခင်းသတင်း ထောက်မှာလည်း စိစစ်ပြီးလက်ခံ တယ်ဆိုပေမယ့် သူတို့မှုခင်းသ တင်းထောက်အဖြစ် တာဝန်ထမ်း ဆောင်တဲ့နေရာမှာ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် သူတို့ တွေ ပြစ်မှုကျူးလွန်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ကျူးလွန်ကျူးလွန် ဥပဒေအရတော့ သူတို့ကို ထောင်ချမှာပဲလေ။ ဥပဒေအရလည်း ထောင်ချမယ်။ အသင်းကလည်း ကျွန်တော်တို့ အသင်းသိက္ခာကျ တဲ့အတွက်ကြောင့် ကျွန်တော်တို့ သတင်းထောက်ကတ်ပြား ထုတ်ပေးတယ်ဆိုတာက သတင်းရယူဖို့၊အသင်းဝင်ကတ်ထုတ်ပေးတယ် ဆိုတာက ပရဟိတလုပ်ကိုင်ဖို့။ အဲဒီကတ်ပြားကို ရည်ရွယ်ချက်အ တိုင်း မသုံးဘဲနဲ့ လမ်းမှားလိုက်ပြီး သုံးတယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ သိက္ခာကျ အောင်လုပ် တယ်ဆိုပြီးတော့ သူ့ဘာသာ ထောင်ကျတာထောင်ကျ တာ တစ်ပိုင်းပေါ့လေ။ ကျွန်တော်တို့ကလည်း သီးခြားတရားစွဲပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။
ဘင်္ဂါလီများကို တရားမ၀င် ရွှေ့ပြောင်းခေါ်ဆောင်မှုကြောင့် ဖမ်းဆီးခံရသည့် ၎င်းတို့၏ အထူး သတင်းထောက်နှစ်ဦးကို တရားစွဲ ဆိုမည်ဖြစ်ကြောင်း ဦးသက်နိုင်ဦး က ဆိုသည်။
မှုခင်းရှုထောင့် ဂျာနယ်အနေ ဖြင့် မီဒီယာစည်းကမ်းနှင့်အညီ ဆောင်ရွက်နေကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများ၊ အမှားလုပ်သူ များကို ပြစ်မှုကြီးငယ်အလိုက် အပြစ်ပေး၊ အရေးယူ၊ ထုတ်ပယ်၊ တရားစွဲခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း ဦးသက်နိုင်ဦးက စာနယ်ဇင်းကောင်စီနှင့် ဂျာနယ်လစ်ကွန်ရက်သို့ ပြန်ကြားသည့် စာတွင် ဖော်ပြထားသည်။
‘‘ဒီလိုပါပဲ မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များ အသင်းအ နေဖြင့်လည်း ပြစ်မှုကျူးလွန် သော၊ အမှားလုပ်သော အသင်း သားများကို ခြေမ မကောင်း ခြေမ ဖြတ်ထုတ်ခြင်း၊ လက်မ မကောင်း လက်မ ဖြတ်ထုတ်ခြင်း ပုံစံမျိုးနဲ့ အပြစ်ပေး၊ အရေးယူ၊ ထုတ်ပယ်၊ တရားစွဲခြင်းများ ဆောင်ရွက် လျက်ရှိပါတယ်’’ဟု ၎င်းက ၀န်ခံခဲ့ သည်။

အခမ်းအနားတစ်ခုတွင် သတင်းရယူနေသော မှုခင်းသတင်းထောက် အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ-ကျော်ဇင်သန်း)
ထို့အပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လမ်း ညွှန်မှုအပေါ် လိုက်နာမည်ဖြစ် ကြောင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်က အကြံပေးပြောကြား မှုအပေါ် ကျေးဇူးတင်ကြောင်း ဦး သက်နိုင်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါအသင်း၏ ထိပ်ပိုင်းနေရာများတွင် ရဲအရာရှိ ဟောင်းများနှင့် အစိုးရအငြိမ်းစား အရာရှိများပါဝင်နေပြီး အဖွဲ့ဝင်များကလည်း အချို့နေရာများတွင် ယူနီဖောင်းများဖြင့် သွားရောက် ကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဆောင်ရွက်မှုများရှိနေသည်ကို ကြားသိရကြောင်း သတင်းမီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့အဖွဲ့အစည်းအ မည်၊ တူညီဝတ်စုံများဖြင့် သတင်း မီဒီယာလုပ်ငန်းမဟုတ်သည့် လုပ် ငန်းများလုပ်ကိုင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် သတင်းမီဒီ ယာသမားများကို အစိုးရအဖွဲ့အ စည်းတစ်ရပ်အဖြစ် ထင်ယောင် ထင်မှားဖြစ်စေပြီး ယုံကြည်မှုကျ ဆင်းစေကြောင်းလည်း မီဒီယာ၁၁ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် သတင်းသမား များ အမည်ခံထားသူများက ယင်း ကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် သတင်းမီဒီယာနယ်ပယ်၏ ဂုဏ် သိက္ခာကျဆင်းစေပြီး ရေရှည်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်ကြောင်းလည်း ဆက် လက်ဖော်ပြထားသည်။
‘‘တချို့ကဘယ်လိုမြင်လာ ကြသလဲဆိုရင် သတင်းထောက်ဆို ရင်အကုန်လုံးက အကျင့်ပျက်ပြီး ငွေလိုချင်လို့ လုပ်နေတဲ့သူတွေလို့ မြင်လာကြတယ်’’ ဟု နယ်သတင်း ထောက်တစ်ဦးကပြောသည်။
လာဘ်ယူခြင်း၊ခြိမ်းခြောက် ငွေတောင်းခြင်းများလုပ်နေသည့် သတင်းထောက်များကြောင့် သ တင်းမီဒီယာလောကအတွက်ထိ ခိုက်နစ်နာရသည်က သတင်းသ မားများသည် ကျင့်ဝတ်မညီညွတ် သူများဟု ပြည်သူများကသိမ်းကျုံး ရှုမြင်လာခြင်း တစ်ခုတည်းတော့ မဟုတ်။ ခြိမ်းခြောက်ငွေညှစ်ခံရ သည့် တရားမဝင်လုပ်ငန်း လုပ် ကိုင်ကြသူများက သတင်းထောက် များအားလုံးကို အမြင်စောင်းပြီး ရန်ပြုတိုက်ခိုက်မှုများပါ ရှိလာခဲ့ ခြင်းဖြစ်သည်။
သတင်းထောက်ဟုအမည်ခံ ထားသူများက ခြိမ်းခြောက်ငွေညှစ်မှုများ ပိုမိုဆိုးရွားသည့် တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများရှိသည့် ဒေသများ၊ သယံဇာတတူးဖော်ရေး လုပ်ငန်းများရှိသည့် ဒေသများသို့ သတင်းသွားရောက်ရယူရာတွင် သတင်းရင်းမြစ်များက ငွေရလို၍ လာသည်ဟုသာ ထင်မြင်မှုများနှင့် ကြုံတွေ့ရမှုများ ရှိလာကြောင်း ရန်ကုန် သတင်းစာပညာကျောင်း မှ သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။ ယင်းကြောင့် သတင်း ထောက်များအနေဖြင့် အဆိုပါ ဒေသများ၏ အတွင်းကျကျ သ တင်းများရရှိရန်ခက်ခဲမှုများလည်း ကြုံတွေ့လာရသည်။
‘‘သတင်းထောက်ဆိုတာနဲ့ ငွေလာညှစ်တဲ့သူတွေလို့ပဲမြင်နေ တာက ပြဿနာရှိတယ်။ အဲဒီလို သာမြင်နေကြရင် တကယ့်သတင်း ထောက်တွေက အဲဒီဒေသကမတ ရားမှုတွေ၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေအကြောင်းကို သ တင်းတွေ ဘယ်လိုရယူပြီးရေးကြ တော့မလဲ’’ ဟု ဦးရဲနိုင်မိုးကပြော သည်။
ယင်းသို့ မှုခင်းသတင်း ထောက်များ ငွေကြေးခြိမ်းခြောက် တောင်းခံနေသည်ဆိုသော သ တင်းများအပေါ် အောင်လံမြို့ခံမှု ခင်းသတင်းထောက်အသင်းဝင် တစ်ဦးဖြစ်သည့် ဦးအောင်ကြီးက ယခုကဲ့သို့ တုံ့ပြန်သည်။
‘‘သတင်းထောက်အဖွဲ့အ စည်းတွေတင်မကပါဘူး။ ဘယ်အ ဖွဲ့အစည်းမှာဖြစ်ဖြစ်ကိုယ်ကျိုး ရှာ လိုမှုကြောင့် ဝင်ရောက်လာသူ တွေဆိုတာရှိမှာပဲ။ ဒီလိုလူတွေ ကြောင့်လည်း အဖွဲ့အစည်းနာ မည်ပျက်တာဖြစ်တယ်။ ကျွန်တော်တို့သတင်းထောက်အဖွဲ့တွေဆို ရင် ပြည်သူ့ဆီကငွေကြေးတစ်စုံ တစ်ရာတောင်းခံတာရှိရင် တိုင် ကြားနိုင်ဖို့ ဆက်သွယ်ဖို့ဖုန်းနံပါတ် တွေတရားဝင်ဂျာနယ်မှာရောဖော် ပြထုတ်ပြန်ပေးထားတယ်။ ခိုင်လုံ ရင် ချက်ချင်းအရေးယူတာတွေ လုပ်ပေးတယ်လို့လည်း သိရပါ တယ်’’ ဟု ဦးအောင်ကြီးကပြော သည်။
မှုခင်းသတင်းထောက်အား လုံးထိုကဲ့သို့ ကျင့်ဝတ်နှင့်မညီ လုပ်နေခြင်းမဟုတ်ဘဲ၎င်းတို့ထဲမှ သတင်းထောက်အချို့သာကျင့် ဝတ်နှင့်မညီ လုပ်ကိုင်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်စိစစ်ကြပ်မတ်ရန်လို ကြောင်း အကြံပြုမှုများရှိသည်။
ထို့အပြင် မြန်မာနိုင်ငံသတင်း ထောက်များအသင်း၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့်ရပ်တည်ချက် များကြောင့် သတင်းမီဒီယာ လော က၏ပုံရိပ်ကို ကျဆင်းထိခိုက်စေ သည်ဟု ထောက်ပြမှုများလည်းရှိ လာသည်။
အဆိုပါအဖွဲ့၏ရည်ရွယ် ချက်တွင် မှုခင်းကာကွယ်နေသည့် ရဲတပ်ဖွဲ့အင်အားနည်းနေ၍ ပရ ဟိတ မှုခင်းသတင်းထောက်များ ကိုစုစည်းကာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ နှင့် လုံခြုံရေးအဖွဲ့အစည်းများ၏ အရန်အင်အားအဖြစ် ဆောင်ရွက် ရန်၊ မှုခင်းအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးနှင့် မှုခင်းအသိ ပညာပေးလုပ်ငန်းများကို သက် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်ရန်၊ ပြည်သူ့အ ကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရန်ဟု ဖော်ပြထားသည်။
သတင်းထောက်များကသ တင်းမီဒီယာကျင့်ဝတ်နှင့်ဆန့်ကျင် ၍ ရဲတပ်ဖွဲ့ဌာနဆိုင်ရာအဖွဲ့အ စည်းများ၏ အရန်အင်အားအဖြစ် ဆောင်ရွက်နေခြင်းကြောင့် ယင်း အဖွဲ့အစည်းကို မြန်မာမီဒီယာ လောကအတွင်း ဝေဖန်မှုများထွက် ပေါ်နေသည်။
‘‘မဏ္ဍိုင်သုံးရပ်ရှိမယ်။ ပြီးရင် စတုတ္တမဏ္ဍိုင်ကတော့ မီဒီယာ၊ နောက်တင်စားပြီး ခေါ်တာက တော့ ပဉ္စမ မဏ္ဍိုင်ကပြည်သူပေါ့။ မဏ္ဍိုင်သုံးရပ်ရဲ့ အချင်းချင်းအပြန် အလှန် ထိန်းကျောင်းမှုကို မီဒီယာ ကကြည့်ရမယ်။ အလားတူပဲ ပဉ္စမ မဏ္ဍိုင်လို့တင်စားတဲ့ ပြည်သူနဲ့ မဏ္ဍိုင်သုံးရပ်ကြား ပေါင်းကူး ဆက်ဆံရေးကို မီဒီယာက လုပ်ပေးရမယ်လို့ ပြောတဲ့အတွက် အဲဒီ ပြောထားတဲ့ အဓိပ္ပာယ်မှာကိုက စတုတ္တမဏ္ဍိုင်က သီးခြားရပ်တည် နေတဲ့ မဏ္ဍိုင်ပဲ။ တကယ်လို့ အဲဒီလိုလုပ်တယ် (ရဲတပ်ဖွဲ့နှင့်ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၏ အရန် အင်အားအဖြစ် ဆောင်ရွက်ခြင်း) ဆိုရင် ဖြစ်သင့်လား၊ မဖြစ်သင့်ဘူး လားဆိုတာ ပေါ်လွင်ထင်ရှား ပါတယ်’’ဟု ပြန်ကြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး မြင့်မောင်က ပြောသည်။
သတင်းမီဒီယာကျင့်ဝတ်များ တွင် ရဲသတင်းပေးအဖြစ် လုပ်ကိုင် ခြင်းမပြုရန် အတိအလင်းရေးသား ထားကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်အထွေထွေအတွင်ရေး မှူး ကိုဇေယျာလှိုင်ကဆိုသည်။
‘‘သတင်းစာဆရာက ကိုယ်နဲ့ ဆိုင်တဲ့အလုပ်ကိုပဲလုပ်စေချင် တာပေါ့ဗျာ။ မဆိုင်တာတွေ မလုပ် စေချင်ဘူး။ ကိုယ့်အလုပ်က Watch Dog။ ဟောင်တဲ့လုပ်ငန်း ကိုက်တဲ့လုပ်ငန်း မဟုတ်ဘူးဆို တာကို နားလည်စေချင်တာပေါ့’’ ဟု ၎င်းကပြောသည်။
သတင်းမီဒီယာဥပဒေတွင် သတင်းထောက်ကိုသတင်းအ ချက်အလက်များ ရှာဖွေရယူ၍ သတင်းမီဒီယာတစ်ခုခုသို့ ပေးပို့ သူကိုဆိုသည်ဟုအဓိပ္ပာယ်ဖွင့်ဆို ထားသည်။ ထို့ကြောင့် သတင်း ထောက်များအနေဖြင့် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ အ ရန်အင်အားတစ်ခုအဖြစ် ဆောင် ရွက်နေခြင်းသည် သတင်းမီဒီယာ ဥပဒေနှင့် ဆန့်ကျင်နေသည်။
‘‘ရဲသတင်းပေး အင်ဖော်မာ ဆိုတာအရင်ကလည်း ရှိတယ်။ နောက်ပြီး ရဲတွေ၊ သတင်းပေးတွေ က သတင်းယူတာလည်းရှိတယ်။ သူက အရေးယူဖို့ အပြစ်ပေးဖို့စ သဖြင့် ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်။ သတင်းထောက်ကကျတော့ ပြည်သူကိုသတင်းပြန်တင်ပြဖို့ ကျင့်ဝတ်နဲ့အညီ သတင်းစုဆောင်း တာ။ အဲဒါမျိုးကိုပဲတို့က သတင်း ထောက်လို့ခေါ်ချင်တယ်’’ ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။
အဆိုပါအဖွဲ့ကို ပြည်ထဲရေး ဌာနတွင် ဖွဲ့စည်းစဉ်က သက် ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ပြန် ကြားရေးဝန်ကြီးဌာနသို့ အသိပေး ခြင်း၊ သဘောထားမှတ်ချက် တောင်းခံခြင်းများ မရှိခဲ့ကြောင်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဖြစ် ခဲ့သူ ဦးရဲထွဋ်က ပြောသည်။
‘‘မှုခင်းသတင်းထောက်များ ဆိုပြီးတော့ ၀န်ကြီးဘ၀မှာက တည်းက တရားဝင်ထိတွေ့ဆက် ဆံတာ၊ အစည်းအဝေးဖိတ်တာ မရှိဘူး။ ခင်ဗျားတို့ပြောတဲ့ အ သင်းက ရှင်းရှင်းပြောရရင် ကျွန် တော်တောင်မှ လွန်ခဲ့တဲ့တစ်ရက် နှစ်ရက်က သတင်းစာထဲပါမှ အဲ ဒီအသင်းရှိတာကို သိတယ်’’ ဟု ဦးရဲထွဋ်က ဆိုသည်။
မီဒီယာဆိုင်ရာ အဖွဲ့အစည်း ဖြစ်သော်လည်း သက်ဆိုင်သည့် ပြန်ကြားရေးဝန်ကြီးဌာန သတင်း မီဒီယာကောင်စီကဲ့သို့အဖွဲ့အ စည်းများနှင့် နီးစပ်ခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နီးစပ် နေသကဲ့သို့ဖြစ်နေခြင်းမှာ ပို၍စိုး ရိမ်စရာကောင်းကြောင်း ဦးရဲနိုင် မိုးက ပြောသည်။
‘‘ဘာလို့လဲဆိုရင် သူတို့ အဖွဲ့မှာကလည်း ရဲတပ်ဖွဲ့အငြိမ်း စားကြီးတွေ ပါနေတာကိုး။ ပြည် သူလူထုအနေနဲ့ သတင်းသမား တွေဟာ ပြည်ထဲရေးတို့၊ ရဲတပ်ဖွဲ့ တို့နဲ့ တွဲမြင်နေရင် စတုတ္ထမဏ္ဍိုင် ဆိုပြီး ယုံယုံကြည်ကြည်နဲ့ သတင်း တွေပေးရဲ၊ ပြောရဲပါတော့မလား စဉ်းစားစရာဖြစ်တယ်’’ ဟု ၎င်းက ပြောသည်။
သတင်းထောက်များအနေ ဖြင့် ရဲ၊ စစ်တပ်စသည့် အစိုးရဌာန များနှင့် ၁၀၀ ရာခိုင်နှုန်းကင်းလွတ် နေရန်လိုအပ်ကြောင်း ၎င်းကဆို သည်။
နိုင်ငံအနှံ့ ဖွင့်လှစ်နေသည့် မြန်မာနိုင်ငံမှုခင်းသတင်းထောက် များအသင်း၏ မြို့နယ်၊ တိုင်း၊ ပြည်နယ်ရုံးခွဲများဖွင့်လှစ်သည့် အ ခမ်းအနားများ၊ ဟောပြောပွဲများ နှင့် အခြားအခမ်းအနားများတွင် ရဲတပ်ဖွဲ့မှ အရာရှိကြီး၏ မိန့်ခွန်း ပြောနေသည့်ပုံများ၊ ဟောပြော နေသည့် ပုံများကိုလည်း လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် အများ အပြားတွေ့မြင်နေရသည်။
‘‘ကျွန်တော်တို့က မြန်မာနိုင် ငံသတင်းစာဆရာများအသင်းကဲ့ သို့သော၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းကဲ့သို့သော၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအ သင်းကဲ့သို့သော မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်းပေါ့’’ ဟု ၎င်းတို့အသင်း၏ ရပ်တည် ဖွဲ့ စည်းမှုကို ဦးသက်နိုင်ဦးက ဥပမာ ပြု၍ နှိုင်းယှဉ်ပြောကြားသည်။
မြန်မာနိုင်ငံမှုခင်းသတင်း ထောက်များအသင်းကို မှုခင်းရှု ထောင့်သတင်းအေဂျင်စီမှ ပရဟိ တလုပ်ကိုင်လိုသည့် မှုခင်းသတင်း ထောက်များဖြင့် စုစည်းဖွဲ့စည်း ထားခြင်းဖြစ်ပြီး အမှုအခင်းများနှင့် ဆိုင်သည့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ် ကြောင်း ၎င်းကဆိုသည်။ အမှုအ ခင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင် မည်ဖြစ်သဖြင့် ထိပ်ပိုင်းနေရာများ တွင် ရဲအရာရှိကြီးများ၊ ဥပဒေ အရာရှိများ ပါဝင်နေကြောင်း ၎င်း က ရှင်းပြသည်။
သို့သော် မှုခင်းရှုထောင့် သတင်းအေဂျင်စီတွင် သတင်း ထောက်နှစ်သောင်းခန့်ရှိနေပြီး ၎င်းတို့မှာ မြန်မာနိုင်ငံမှုခင်းသ တင်းထောက်များအသင်းဝင်ဖြစ် နေသည့်အချက်မှာ ထောက်ပြစ ရာဖြစ်နေသည်။ မြန်မာတစ်နိုင်ငံ လုံးတွင် သတင်းထောက်အလုပ် ဖြင့် ကျင့်ဝတ်နှင့်အညီ အသက် မွေးဝမ်းကျောင်းပြုသူ ထောင်ဂ ဏန်းသာရှိ၍ အထက်ပါ မှုခင်း သတင်းထောက်အရေအတွက်က ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်သော သတင်းထောက်များကိုပင် အံ့ အားသင့်စေသည်။
မှုခင်းရှုထောင့် သတင်းဂျာ နယ်သာ ထုတ်ဝေသည့် သတင်း အေဂျင်စီတစ်ခုအနေဖြင့် သတင်း ထောက်နှစ်သောင်းခန့်အပ်ထား ခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ကိုဇေယျာလှိုင်က ဆိုသည်။
‘‘တစ်ယောက်က တစ်လ တစ်ပုဒ်ပဲရေးတယ်ထားဦး။ တစ် လကိုသတင်းအပုဒ်ရေနှစ်သောင်း ရှိတယ်ဗျာ။ အဲဒီသတင်းဂျာနယ် က အဲဒီအပုဒ်ရေ နှစ်သောင်း လောက်ဖော်ပြပေးနိုင်မလားပေါ့ လေ။ ကျွန်တော်ခန့်မှန်းခြေ လုပ် ရသလောက် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်က ခန့်မှန်းခြေ သတင်းအပုဒ်ရေ ၄၀ နဲ့ ၆၀ ကြား ရှိရင် ရတာပဲလေ။ နေ့စဉ်ထုတ် သတင်းစာနဲ့တွက်ရင် တစ်ရက်ကို သတင်းအပုဒ်ရေ ၆၀ လောက်နဲ့သတင်းစာ ထွက်တယ်ထားဦးတော့ တစ်လဆိုရင် အပုဒ်ရေ ၁,၈၀၀ပဲရှိ တယ်’’ ဟု ကိုဇေယျာလှိုင်ကပြော သည်။
ယင်းသတင်းထောက် နှစ် သောင်းခန့်ကို ၀န်ထမ်းများအဖြစ် အမှန်တကယ်လစာများပေးထား နိုင်ခြင်း ရှိသလားဆိုသည်မှာ လည်း မေးခွန်းထုတ်စရာဖြစ်နေ ကြောင်းဦးရဲနိုင်မိုးက ပြောသည်။
‘‘မေးဖို့ကောင်းတာက အဲဒီ သတင်းထောက်နှစ်သောင်းစလုံး ကိုတကယ်ကော လစာပေးရဲ့လား ဆိုတာပဲ။ အသင်းဝင်လိုက်ရင် ကတ်ထုတ်ပေးတယ်။ နာမည်သုံး လို့ရတယ်။ မင်းတို့ဘာသာကြည့် ကျက်ပြီး အဆင်ပြေသလိုရှာကြ တော့ဆိုတာမျိုး ဖြစ်နေတယ်။ ကြက်များလို ကိုယ့်ဘာသာယက် ပြီး ရှာကြဆိုတဲ့ပုံစံမျိုးပေါ့’’ ဟု ၎င်းက ပြောသည်။
နိုင်ငံတကာ သတင်းဌာန ကြီးများဖြစ်သည့် နယူးယောက် တိုင်းမ်၊ အေပီ၊ ဝေါစထရိစသည့် သတင်းဌာနကြီးများတွင်ပင် သ တင်းထောက်များကို အဆိုပါအ ရေအတွက်အထိ မခန့်ထားနိုင် ကြောင်း ဦးရဲနိုင်မိုးက ဆိုသည်။ အထက်ပါအကြောင်းအရာများ ကဲ့သို့ ကိစ္စရပ်များကြောင့် အချို့ အဖွဲ့အစည်းများက သတင်းစာ ဆရာများ၏ ဂုဏ်သိက္ခာကျဆင်း ရန်လုပ်နေသလားဟုပင် သံသယ ဖြစ်စရာရှိကြောင်း ဦးရဲနိုင်မိုးက ပြောသည်။
‘‘ဒီလိုတွေသာ ရေရှည်ဖြစ် သွားရင် သတင်းမီဒီယာလောက အတွက် အန္တရာယ်များတယ်’’ ဟု ၎င်းကဆိုသည်။
===================
251/End