အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
‘ကျည်ထောင်စုသစ္စာ’အမည်ရှိ သရော်စာရေးသားဖော်ပြမှုဖြင့် The Voice သတင်းစာ အယ်ဒီတာချုပ်နှင့်ဆောင်းပါးရှင်တို့ကို တပ်မတော် က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုပြီး ဇွန်လ ၂ရက် တွင် ဖမ်းဆီးချုပ်နှောင်ထားပြီဖြစ်သည်။ ရေးသားဖော်ပြသည့်သရော်စာ တစ်ပုဒ်ကို ဥပဒေအကြောင်းအရ တရားစွဲဆိုရာတွင် အခြားသောပုဒ်မ များကို မသုံးစွဲဘဲ ချက်ချင်းဖမ်းဆီးအရေးယူနိုင်သော အာမခံရရှိရန်ခက် ခဲသည့် ယင်းပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်ရာရောက်ပြီး တပ်မတော်နှင့်ပတ်သက်သည့် သတင်းများရေးသားဖော်ပြမှုကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာရာ ယင်းနှင့်ပတ်သက်၍ သတင်းမီဒီယာလော ကသားများ၏အမြင်ကို စုစည်းဖော်ပြလိုက်ပါသည်။
ကိုဉာဏ်လှိုင်လင်း
(Frontier Myanmar မဂ္ဂဇင်း၊ နေပြည်တော်တာဝန်ခံ)
ဖမ်းဆီးချုပ်နှောင်ခံဖို့ဖြစ်လာတဲ့ ဒီစာတစ်ပုဒ်ဟာ ကျွန်တော့်အမြင် မှာတော့ တကယ့်ကို သရော်စာသက်သက်ပါ။ တပ်မတော်သားတွေက ရှေ့တန်းကတိုက်နေရတာကို အရာရှိတွေက ဘာညာဆိုပြီးဆောင်းပါး ထဲပါတဲ့စာသားတွေဟာ အကြောင်းတိုက်ဆိုင်မှုရှိရင် ရပ်ထဲရွာထဲ နောက် ပြောင်ပြောဆိုလေ့ရှိတဲ့ အသုံးအနှုန်းတွေပါပဲ။ ဒါကိုအမှုဖွင့်တဲ့အဖွဲ့အ စည်းက နစ်နာတယ်လို့ဘာကြောင့် စဉ်းစားမှန်း ကျွန်တော်ကတော့ မတွေး တတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး အဓိက ထောက်ပြချင်တာက သတင်းထောက် တွေ၊ အယ်ဒီတာတွေအမှားလုပ်ရင် ချမှတ်နိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေ သတင်းမီဒီယာဥပဒေမှာပါဝင်ပြီးဖြစ်ပေမယ့် ဥပဒေပါအားနည်းချက်တွေကြောင့် ဒုက္ခပေးလိုသူ၊ ကိုယ့်ကိုယ်ကိုယ်နစ်နာသူလို့ ယူဆသူတွေက ဒီဥပဒေကိုမသုံးဘဲ အမှုရင်ဆိုင်ရာမှာ သတင်းလောကသားတွေ ပိုပြီးဒုက္ခ ရောက်စေမယ့် တခြားပုဒ်မတွေသုံးနေတာပါပဲ။ ဒါကြောင့် သတင်းလောကသားတွေ ခြိမ်းခြောက်ခံနေရတဲ့အခြေအနေကို ကျော်လွှားဖို့ကြိုးစားရာမှာ သတင်းမီဒီယာဥပဒေပြင်ဆင်ရေးဟာ မဖြစ်မနေချဉ်းကပ်ရမယ့်ကိစ္စပါ။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၃ မှာ ‘ကောင်စီ၏ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ(သို့မဟုတ်) ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်’ လို့ပါဝင်ပါတယ်။ အဲဒီလိုအရေးယူနိုင်တဲ့ဥပဒေကို တိတိကျကျ မပြဋ္ဌာန်းထားတာကြောင့် သတင်းမီဒီယာတွေဟာ ပုဒ်မမျိုးစုံနဲ့ ရင်ဆိုင်နေရတာလို့ မြင်ပါတယ်။ ဒါကိုပြင်ဖို့ကြိုးစားလိုက်ရင် ၆၆ (ဃ) အပါအ ဝင်တခြားဘယ်ပုဒ်မနဲ့ ကျွန်တော်တို့ကို ဒုက္ခမပေးနိုင်တော့ဘူးလို့မြင်ပါတယ်။
စိုပြေ (သရော်စာရေးသူ)
ဒီလောက်နဲ့တော့ တရားမစွဲသင့်ဘူး ထင်တာပဲ။ ရေးထားတာက လည်း ထိခိုက်နစ်နာမှုတွေ ဘာမှမပါပါဘူး။ အောက်ခြေစစ်သားတွေပဲ စစ်တိုက်နေရတယ်။ အပေါ်ပိုင်းမှာတော့ ငြိမ်းချမ်းရေးဆိုပြီး ခေါင်းဆောင်တွေက ဝိုင်ခွက်ချင်းတိုက်နေတယ်။ ဒါပါပဲ။ အရင်အစိုးရလက်ထက်တုန်း ကဆို ကျွန်တော်တို့ဒီထက်တောင် ရေးခဲ့သေးတာပဲ။ အေးဆေးပါ။ ထောင်ထဲနေရတာ ခြောက်လလောက်ပါ။ ဒါပေမဲ့ ဒီလိုမျိုး တရားစွဲခံရ၊ အ ဖမ်းခံရတဲ့ အတွက် သတင်းစာဆရာတွေ သမိုင်းမှာ မှတ်တမ်းဝင်သွားပြီ။ ကိုကျော်မင်းဆွေနဲ့ မောင်ဗြိကို စစ်တပ်က ဒီလိုဖမ်းခဲ့တာကွဆိုပြီး နှောင်း လူတွေကလည်းအခွင့်ကြုံတိုင်းပြောနေကြဦးမှာ။ လူထုဦးလှတို့၊ ဆရာကြီးရွှေဥဒေါင်းတို့လည်း ဖဆပလလက်ထက်က အဖမ်းခံရတယ်။ အဲဒါကို အခုအချိန်အထိ ကျွန်တော်တို့ပြောနေကြတုန်းပဲမဟုတ်လား။ သတင်းစာဆရာတော်တော်များများကတော့ မကြောက်ကြပါဘူး။ ပြောသင့်၊ ရေးသင့်တာကို ရေးနေဦးမှာပဲ။ ပိုလို့တောင်ရေးကြဦးမယ်ထင်တယ်။
ဝင်းဇော်လတ် @ ဘစီ (သရော်စာဆောင်းပါးရှင်)
သရော်စာကိစ္စကို အကြောင်းပြုပြီး အရေးယူမယ်အသံကြားတော့ ပထမတစ်ခါ ရှာဖတ်ကြည့်ပါတယ်။ အခုကိုကျော်မင်းဆွေနဲ့ ဆောင်းပါး ရှင်တို့ကို ဖမ်းလိုက်ပြီဆိုတဲ့အခါမှာ ဒုတိယတစ်ခေါက်ထပ်ဖတ်ပါသေး တယ်။ ဖတ်ပြီးမြင်တာက ကျွန်တော်တို့လို လွတ်လပ်တဲ့စာဖတ်သူက မြင် တာနဲ့ တခြားသူတစ်စုံတစ်ဦး (ဒါမှမဟုတ်) တစ်စုတစ်ဖွဲ့ကမြင်တာဟာကွဲပြားနိုင်ပါတယ်။ ဒါသရော်စာဆိုတော့ ပိုဆိုးပါတယ်။ တစ်ဖက်က ကြိုက်ပေမယ့် တစ်ဖက်ကမကြိုက်နိုင်ပါဘူး။ တစ်ခါတလေ ဘယ်ဘက်ကမှ မကြိုက်နိုင်တာမျိုးတွေလည်းရှိတာပဲ။ ကိုယ်မကြိုက်နိုင်တာနဲ့ရေးသူကို နောင်ကြဉ်အောင်ပြန်တွယ်မဟဲ့ဆိုတဲ့ တုံ့ပြန်စိတ်က ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ သရုပ်သကန်မဟုတ်ဘူးဗျ။ တပ်မတော်ဟာ လူထုရဲ့တပ်မတော်ဆိုရင်လူထုက ပိုင်ပါတယ်။ သူတို့ ပိုင်တဲ့တပ်မတော်နဲ့ပတ်သက်ပြီး လူထုမှာ ချီးကျူးခွင့်၊ ဝေဖန်ခွင့်၊ ရံဖန် ရံခါ ကျီစယ်နောက်ပြောင်ခွင့်ရှိရပါမယ်။ ဒါကိုလည်း တပ်မတော်က ကြည်ဖြူပြုံးရယ်နိုင်တယ်ဟေ့ဆိုရင် ဒီတိုင်းပြည်မှာ ကောင်းချီးမင်္ဂလာရှိ တာပဲပေါ့ဗျာ။ နောက်ဆုံးမကြိုက်တာရှိရင်လည်း တပ်မတော်ဘက်က ဒါမျိုးမကြိုက်ဘူး ဆင်ခြင်ဖို့သတိပေးတာမျိုးလုပ်သင့်တယ်။ ၆၆ (ဃ) ကို သုံးတာကျ ပုရွက်ဆိတ်ကို နျူကလီးယားဗုံးနဲ့ထုသလိုဖြစ်နေတယ်ဗျို့။ အမေရိကန်မှာ ဒေါ်နယ်ထရန့်တက်လာတော့ ရေးကြတဲ့ကာတွန်းတွေဆို ကျွန်တော်တို့တိုင်းပြည်မှာဆို ထောင်တစ်သက်လွတ်ရက်မရှိဖြစ်မယ့်ကိန်းပဲ။ အဲဒီကာတွန်း ဆရာတွေဘာမှ မဖြစ်ပေါင်ဗျာ။ သတင်းစာသမားဆိုတာ ကိုယ့်စည်းမျဉ်း၊ ကိုယ့်ကျင့်ဝတ်၊ကိုယ့်နှုန်းစံတွေနဲ့ အလုပ်လုပ်နေကြတာဗျ။ ဒီလိုမျိုးစွဲဆိုမှုတွေဖြစ်နေပေတဲ့မကြောက်မရွံ့ နောက်မဆုတ်ဘဲ ရေးစရာရှိတာ၊ ပြောစရာရှိတာဆက်ရေး၊ ဆက်ပြောကြရမှာပေါ့။ ခံယူချက်၊ယုံကြည်ချက်ရှိတဲ့လူတွေက တုန်လှုပ်စရာမရှိဘူး။ ၆၆ (ဃ)ကြောင့် သတင်းစာဆရာတွေ ရေးစရာရှိတာမရေးရဲရင် သတင်းစာဆရာတွေရဲ့ ပျက်ကွက်မှုပဲ။ ၆၆ (ဃ)ဟာ ဖျက်သိမ်းသင့်ပါလျက်နဲ့ အမြန်မဖျက်သိမ်းရင် အဲဒါဒီနေ့လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ ပျက်ကွက်မှုပဲ။
မနန်းနှင်းသက်ဝေခိုင် (သတင်းထောက်၊တိုင်းလိုင်ရှမ်းနီ အသံဂျာနယ်)
ဒီသရော်စာကို ဘယ်လိုမြင်လဲဆိုတာထက် ၆၆ (ဃ) နဲ့မီဒီယာတွေ အပေါ် အကြောက်တရားနဲ့ဖိအားပေးတာကို ပြောချင်တာပါ။ The Voice အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို ဖမ်းဆီးတာက အရင်အစိုးရ လက်ထက်က ရေးဆွဲခဲ့တဲ့ ဒီ ၆၆ (ဃ) ကိုအစိုးရသစ်ကလည်း ပြင်ဆင် ဖို့ဝန်လေးနေတာကြောင့်နဲ့ တပ်ရဲ့အထိမခံ၊သရော်မခံတတ်တာတွေ ကြောင့် ဖြစ်လာရတာလို့မြင်တယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ ၆၆ (ဃ) ဆိုတာပြင်ဆင်သင့်တဲ့ ဥပဒေဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အဆင့်တွေ တက်လာတယ်လို့ စစ်တမ်းတွေ ကပြောပေမယ့် ဒီ ၆၆ (ဃ) လိုမျိုးတွေက Main Stream တွေရော၊ တိုင်းရင်းသားမီဒီယာတွေကို ခြိမ်းခြောက် နေဆဲပါ။
ဦးရဲမိုး (ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း)
သရော်စာဆိုတာက ဒီခေတ်မှာမှမဟုတ်ဘူး။ ခေတ်အဆက်ဆက် ရှိခဲ့တာ။ သရော်စာရေးတဲ့ ဆောင်းပါးရှင်တွေဟာ အစိုးရကိုပဲဖြစ်ဖြစ် (ဒါမှမဟုတ်) နိုင်ငံရေးသမားတွေကိုပဲဖြစ်ဖြစ် ပြည်သူတွေကို ကိုယ်စားပြု ပြီးတော့ ပြည်သူတွေကိုဖျော်ဖြေဖို့အတွက် သရော်စာဆောင်းပါးတွေ ရေးကြတာ ခေတ်အဆက်ဆက်မှာ နိုင်ငံတော်တော်များများမှာ သရော် စာဆောင်းပါးတွေနဲ့ပတ်သက်ရင် ဘယ်လောက်ထိပါးတယ်ပဲဖြစ်စေ ကာတွန်းဆရာတွေနဲ့ သရော်စာဆောင်းပါးရှင်တွေကို ခွင့်လွှတ်ပေးကြ တယ်။ ဘာလို့လဲဆိုတော့ တကယ်တမ်းဦးတည်ချက်က ပြည်သူတွေကိုဖျော်ဖြေချင်တာဖြစ်တယ်လေ။ တပ်မတော်နဲ့ပတ်သက်ပြီးတော့ ထိပါးအောင် သတင်းအချက်အလက်တွေကိုလိမ်ညာပြီးတော့ ရေးသားထားတဲ့ သတင်းပေးပို့နည်းမျိုးမဟုတ်ဘူး။ ဒါကြောင့် ၆၆(ဃ) နဲ့စွဲတာဟာ ပြင်းထန်လွန်းတယ်။ အခုဦးကျော်မင်းဆွေတို့၊ဗြိတိသျှကိုကိုမောင်တို့ကို စွဲတာတင်မှမကဘူး။ ဘယ်သူ့ကိုပဲစွဲစွဲ ၆၆(ဃ)ဆိုတာဟာက တကယ်တမ်းတော့ ပယ်ဖျက်သင့်တဲ့ ဥပဒေပုဒ်မတစ်ခုဖြစ်နေတယ်။ နောက်တစ် ခုက ဒီအတိုင်းပဲကြည့်လိုက်တယ်ဆိုရင်တော့ ဆောင်းပါးရှင်နဲ့အယ်ဒီတာချုပ်ကိုတရားစွဲတာလောက်ပဲမြင်မယ်။ တကယ်တမ်းအဲဒီဟာရဲ့ ထိခိုက်နစ်နာမှုက စာဖတ်ပရိသတ်ပြည်သူတွေကိုပါ ထိခိုက်နစ်နာစေတယ်။ လူ့အဖွဲ့အစည်းမှာသရော်စာဆောင်းပါးတွေ မရှိတော့ဘူးဆိုရင် ဒါကစာဖတ်တဲ့ စာဖတ်ပရိသတ်တွေရဲ့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးတာပဲ။ အဲဒီလိုသာအရေးယူဆိုရင် ဟိုတုန်းကကာတွန်းဆရာကြီး ဦးဘဂျမ်းတို့ကို ၆၆ (ဃ) နဲ့အကြိမ်တစ်ရာလောက်ပြန်ပြီးတော့ ထောင်ထဲထည့်လို့ရမယ့်ပုံစံဖြစ်နေတယ်။ ၆၆(ဃ) နဲ့တရားစွဲတယ်ဆိုတာသတင်းမီဒီယာတစ်ခုကို ခြိမ်းခြောက်တာထက်ပိုတယ်။ တိုက်ခိုက်တာလို့ ပြောလို့ရတယ်။ အဲဒီတော့ ကိုယ်တိုင်ကဆောင်းပါးရှင်တစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် စာရေးဖို့အတွက် အင်မတန်လက်တွန့်အောင်ပြုလုပ်စေတယ်။ တစ်နည်းအားဖြင့်ပြောရရင် အကြောက်တရားဟာ တစ်ယောက်ပြီးတစ်ယောက်ဆီမှာကူးစက်စေတယ်။ ထက်မြက်တဲ့ဆောင်းပါးတွေကို ကျွန်တော်တို့ မရေးသားရဲဘူးဆိုရင် ဒီဆောင်းပါးတွေကို ဖတ်ဖို့ အတွက် အခွင့်အရေးပြည်သူမှာမရှိတော့ဘူး။ လူ့အဖွဲ့အစည်းမှာဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့၊ အစိုးရတို့တွေဟာ ဝေဖန်ခံနိုင်တဲ့အရည်အသွေးနဲ့အရေပြားထူဖို့လိုတယ်လေ။ ကိုယ့်ကိုဝေဖန်တိုင်း၊ ကိုယ့်ကို သရော်တိုင်း ပြန်ပြီးတုံ့ပြန်တော့မယ်ဆိုရင် တိုင်းပြည်ကို ဦးဆောင်တဲ့နေရာမှာ မလုပ်နဲ့လို့ပဲပြောရမှာပဲ။
ဒေါ်သင်းသင်းသာ (သတင်းမီဒီယာကောင်စီအဖွဲ့ဝင်)
သရော်စာဖတ်ပြီးပါပြီ။ အခြေခံဥပဒေမှာ ပုဒ်မ ၃၅၄ (က) မှာနိုင်ငံ သားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနှင့် မဆန့်ကျင်လျှင်မိမိ၏ ယုံကြည်ချက်ထင် မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားပိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။စာရေးသူဟာ ပြည်သူတို့အကျိုးစီးပွား ကို ထိခိုက်လိုသောရည် ရွယ်ချက်မရှိပါ။ ပြည်ထောင်စုပြိုကွဲစေလိုသော ရည်ရွယ်ချက်လည်းမရှိပါ။ ပြည်သူကိုထုတ်ပြသော အနုပညာပစ္စည်းတစ်ခုကို သရော်စာအဖြစ် ဖန်တီးထားခြင်းသာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အယ်ဒီတာချုပ်တစ်ယောက်သာစွဲရပါမယ်။ စာရေးသူကိုမစွဲသင့်ပါ။ စာရေးသူကိုပါ တရားစွဲတဲ့အတွက် လွတ်လပ်စွာရေးသားခွင့်တင်မ က လွတ်လပ်စွာပြောဆိုခွင့်ကိုပါ ခြိမ်းခြောက်ခြင်း၊ဟန့်တားခြင်းအရာ ရောက်ပါတယ်။ ဒီမိုကရေစီ အနှစ်သာရကုန်ဆုံးပြီး အာဏာရှင်စရိုက် လက္ခဏာကိုဖော်ညွှန်းခြင်းသက်သေပြလိုက်ခြင်းဖြစ်သွားပါလိမ့်မယ်။ သတင်းမီဒီယာကောင်စီအနေနဲ့ အစွမ်းကုန်ညှိနှိုင်းခဲ့ကြပါတယ်။ မအောင်မြင်ခဲ့ဘူးလို့ ဝန်ခံရပါမယ်။ ဒါကလည်းသတင်းသမားတွေရဲ့ လွတ်လပ်စွာရေးသားခွင့်ကို လုံခြုံမှုမပေးနိုင်တဲ့၊ တာဝန်မခံနိုင်တဲ့ ဥပဒေ ရဲ့ အားနည်းချက်ကြောင့်ပါ။ ဒါကြောင့်လည်း ဆက်သွယ်ရေးပုဒ်မနဲ့တရားစွဲဆိုနေခြင်းဖြစ်ပါတယ်။ နောက်ဒီဆက်သွယ်ရေးဥပဒေမှာလည်း တရားစွဲမယ်ဆိုရင် ပြည်ထောင်စုဝန်ကြီးအထိတင်ပြီး ဝန်ကြီးက စွဲခွင့်ပြုမှ စွဲရတာပါ။
ကိုမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက်)
သရော်စာဟာ သာမန်သတင်းရေးသားတဲ့ လွတ်လပ်မှုနဲ့တောင် မတူ တာကို နားမလည်ဘူး။ သူတို့ကိုဝေဖန်တယ်၊ အဆိုးမြင်ရေးသားတယ် ဆိုတာကို အမြဲစောင့်ကြည့်နေပြီး အပြစ်ပေးအရေးယူတဲ့နည်းနဲ့ ဆင်ဆာလုပ်တယ်လို့မြင်တယ်။ အဲဒီမှာ ပုဒ်မ ၆၆ (ဃ) ကလည်းအ ဆင်သင့်ရှိနေတော့ ဒါကကြောက်စရာကောင်းတယ်။ ပုဒ်မ ၅၀၀ ထက် ကိုပိုဆိုးတယ်။ ချက် ချင်းဖမ်းနိုင်တယ်။ အာမခံမရနိုင်ဘူး။ အမှုတိုင်းလိုလို ကလည်း ထောင်ကျကြတော့ တရားဥပဒေရဲ့ ရှုထောင့်နဲ့ခုခံကာကွယ် လျှောက်လဲခွင့်ကလည်း ဒီပုဒ်မနဲ့ပတ်သက်ရင် ဘာမှအဓိပ္ပာယ်မရှိတော့ သလိုပဲ။ အခုလို အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကိုဖမ်းဆီးပြလိုက်တာဟာ သရော်စာဆောင်းပါးခေါင်းစဉ်အောက်ကနေရေးသားနေတဲ့သူတွေလည်း စိုးရိမ်စရာတွေ ဖြစ်လာမယ်။ ဒါအပြင်တခြားတပ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ ဆောင်းပါးတွေ ရေးနေမယ်ဆိုရင် ၆၆ (ဃ) နဲ့ စွဲလို့ရတယ်ဆိုတဲ့ မက်ဆေ့ခ်ျကို အခု သတင်းသမားတွေအားလုံး ရသွားပြီ။ နောက်ပြီးတပ်ကစွဲရင် ဂျာနယ်၊သတင်းစာတိုက်ကတာဝန်ခံ၊ တာဝန်ရှိသူတစ်ဦးတစ်ယောက်တည်းကို မဟုတ်ဘဲ ရေးသားသူကိုပါ စွဲတဲ့အစဉ်အလာကတော့ သိပ်ကောင်းတဲ့အစဉ် အလာမဟုတ်ဘူး။ အရင်အိုးဝေမဂ္ဂဇင်းခေတ်တုန်းကတောင် တာဝန်ခံတဲ့အယ်ဒီတာပဲ အ ရေးယူခံခဲ့ရတာ။ သတင်းမီဒီယာဥပဒေမှာလည်း ဘယ်သူ့ကိုပဲစွဲပါ ဆိုတာမျိုး တိကျရှင်းလင်းတဲ့အချက်တွေကလည်းမပါတော့ ဥပဒေကိုပြင်ဆင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ NLD အစိုးရ လက်ထက်မှာမီဒီယာကိုတစ်စုံတစ်ရာ ထိန်းချုပ်သင့်တယ်လို့ပြောတာတွေကြားနေရတယ်။ ဒီတော့ဥပဒေကို ပြင်ဆင် ပေးဖို့က သူတို့ဘက်က နိုင်ငံရေးဆန္ဒဘာလဲမသဲကွဲဘူး။
ဦးစိန်ဝင်း (သင်တန်းဒါရိုက်တာ၊ မြန်မာသတင်းပညာသိပ္ပံ)
ပထမဆုံးအချက်က သရော်စာဆိုတာအသရေဖျက်မှုမမြောက်ဘူး။ဒါပေမဲ့ တရားစွဲတဲ့သူတွေက သိပ်ပြီး အကဲဆတ်လွန်းတာပေါ့ဗျာ။ ငါတို့ ကို သိက္ခာလာချလားပေါ့။ ကျွန်တော်ကတော့ဒီစာကို အစောကြီးက တည်းကဖတ်ပြီးသား။ စစ်တပ်ကိုသိက္ခာချတယ် အဲဒီလိုလုံးဝမဖြစ်ဘူး။ အသရေဖျက်တယ်လို့ထင်ရလည်း မီဒီယာဥပဒေအရစွဲပေါ့။ အခုဟာ က အကုန်လုံးက ၆၆ (ဃ) ကိုသုံးကြတယ်။ ၆၆ (ဃ) ကိုသုံးကြတဲ့ ရည် ရွယ်ချက်က အာမခံမရတဲ့ကိစ္စကို တရားသူကြီးက ပေးချင်မှရတာကို။ ကျွန်တော်ကြားနေရတာက ပုံနှိပ်ဥပဒေနဲ့ပါထပ်စွဲမယ်ဆိုတာ အဲဒါတွေ က မကောင်းဘူးဗျ။ တပ်မတော်ကလည်း အမျိုးသားရင်ကြားစေ့ရေးကို လုပ်တယ်ဆိုတဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုငဲ့တာကောင်းပါတယ်။ လူတွေကို ခြိမ်းခြောက်ပြီးတော့ မလုပ်ရဲအောင်၊ မပြောရဲအောင်လုပ်ပြီးတော့ဒီသရော်စာလေးတောင်မှ သည်းမခံနိုင်ဘူးဆိုရင် ဘယ်လိုလို့သွားပြီးတော့ Image တွေတည်ဆောက်မလဲ၊ဒါမေးခွန်းထုတ်စရာဖြစ်နေတယ်။ ဟိုဟာလိုက်ပိတ်၊ ဒီဟာလိုက်ပိတ်ဆိုရင် အခုဟာကလူတွေက တဖြည်းဖြည်းနဲ့ရေးရမှာတွေ လက်တွန့်သွားမယ်၊ ပြောရမှာတွေ လက်တွန့်သွားမယ်၊ နောက်ဆုံးတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မတရားဖြစ်နေတာတွေကို မပြောရဲတော့ဘူး။ အားလုံးကောင်းပါတယ်ဆိုတဲ့ဟာမျိုးအကုန်လုံးအဲဒါပျက်စီးဖို့ဟာပဲပေါ့နော်။ ကျွန်တော်ကတော့ အဲဒီအပေါ်မှာ လုံးလုံးသဘောမတူဘူး။ဒါဟာမီဒီယာတွေကို ဖိနှိပ်တယ်လို့ပဲမြင်တယ်။
ကိုမျိုးသန့် (အယ်ဒီတာချုပ်၊ မဇ္ဈိမသတင်းဌာန)
သရော်စာဆိုတာကိုတော့တခြားအမြင် ဘာမှမရှိပါဘူး။ နိုင်ငံတ ကာ မှာလည်း ရေးသားနေတဲ့အတွက် သရော်စာတစ်ခုအနေနဲ့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ၆၆ (ဃ) ဆိုတဲ့ပုဒ်မကို အသုံးချပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကိုပဲဖြစ်ဖြစ် တရားစွဲဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ၆၆ (ဃ) မဟုတ်ဘဲ လုပ်နိုင်တဲ့ တခြားဥပဒေတွေလည်း အများကြီးရှိပါတယ်။ တစ်ဖက်ကလည်း မကျေနပ်ချက်တစ်ခုကြောင့် တရားစွဲတယ်။ Voice ဘက်ကလည်း ပြန်တောင်းပန်တယ်။ အဲဒီမှာတင် နှစ်ဦးနှစ်ဖက် ပြေလည်သွားတာမျိုး ဖြစ်သင့်ပေမယ့် ၆၆ (ဃ) နဲ့တရားစွဲ တာ၊ ဖမ်းခံရတာတွေ တွေ့ရတာမျိုးကျ စိတ်မကောင်းပါဘူး။ မြန်မာနိုင်ငံမှာ ဒီပုဒ်မက မီဒီယာတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို တဖြည်းဖြည်းခြိမ်း ခြောက်လာပါတယ်။
ကိုဇင်မင်းဖြိုး (သတင်းထောက်၊ စပီကာဂျာနယ်)
သရော်စာကိုဖတ်ပြီးပါပြီ။ ဒီသရော်စာဟာတပ်မတော်နဲ့တပ်မ တော်သားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဝေဖန်တိုက်ခိုက် ထားတာမဟုတ်ပါဘူး။ တပ်မတော်နဲ့ ပြည်တွင်းစစ်ကိုအမှီသဟဲပြုပြီး အကျိုးအမြတ်တစ်စုံတစ်ရာယူတဲ့လူတွေကို ပြောချင်တာပါ။
သရော်စာသဘာဝအတိုင်းထေ့လုံး၊ငေါ့လုံးလေးတွေတော့ပါမှာပေါ့။ သရော်စာတစ်ပုဒ်ပေါ်မှာ ဒီလိုအရးယူလိုက်တာဟာ စာနယ်ဇင်း လောကကို ထောင်နဲ့ခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်။ကလောင်တံတွေကို ရိုက်ချိုးဖို့ ပဏာမအားစမ်းလိုက်တာပါ။ ဒီဟာကစာနယ်ဇင်းလောကထဲကို အကြောက်တရားများသွတ်သွင်းတာဖြစ်တယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးတာဖြစ်တယ်။ ဒါဟာအစိုးရအသစ် အပြစ်မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ဒီလို တရားစွဲတဲ့အဖွဲ့အစည်းရော ဒီလိုဖမ်းဆီးတဲ့အဖွဲ့တွေပါအစိုးရလက်အောက်မှာ ရှိမနေဘူးဗျ။
ကိုနော်ကိုကို ( အယ်ဒီတာ The Voice)
အဲဒီ သရော်စာကို နှစ်ခေါက်၊သုံးခေါက်ပြန်ဖတ်တယ်။ သရော်စာ မှာ ကြီးကြီးမားမားလွဲချော်မှားယွင်းနေတာမျိုးမတွေ့မိဘူး။ ဖတ်ပြီးတဲ့သူ တွေလည်းသိကြမှာပါ။ ဒီသရော်စာကတစ်ဖက်ကို အသရေပျက်စေ တယ်ဆိုရင် ဘယ်စာပိုဒ်၊ဘယ်စာသားကအသရေ ပျက်စေတာလဲဆို တာ ကျွန်တော်ကိုယ်တိုင်လည်းသိချင်တယ်။ သရော်စာတစ်ပုဒ်ကို တပ်မတော်ဘက်ကအရေးယူဆောင်ရွက်လိုက်တဲ့အပေါ် ဘယ်လို မြင်လဲဆိုရင် အဲဒီအမှုပြီးတဲ့အထိ စောင့်ကြည့်ဖို့ပဲ ပြောချင်ပါတယ်။ ဘယ်သူကဘာတွေရှုံးပြီးဘာတွေမြတ်မလဲ၊ ကျွန်တော်တို့ မြင်ကြရမှာပါ။သတင်းမီဒီယာလွတ်လပ်ခွင့်ကတော့ သိပ်ထူးမခြားနား အခြေအနေလို့ မြင်ပါတယ်။ သတင်းမီဒီယာနယ်ပယ်ကနေပဲ ဝန်ကြီးဖြစ်လာတဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ စွမ်းဆောင်ရည်ကလည်းဇီးရိုးပါ။ ကျွန်တော် တို့ မှာမျှော်လင့်စရာသိပ်များများမရှိဘူး။ ပြည်သူတွေရဲ့သတင်းသိပိုင်ခွင့် ဆိုတာတောင် နားလည်ကြပါရဲ့လားသံသယဖြစ်မိတယ်။ ဒီမိုကရေစီကို အဲဒီလိုနည်းနဲ့တည်ဆောက်လို့ရ၊မရ ကျွန်တော်တို့ စောင့်ကြည့်ကြတာ ပေါ့။ဒီလိုဖမ်းပြလိုက်လို့မတို့ရဲမထိရဲ ဖြစ်သွားကြမယ်လို့တစ်ဖက်က မျှော်လင့်နေမယ်ဆိုရင်တော့ မှားပါတယ်။ ကျွန်တော်တို့တိုက်မှာဆို ဒီအမှု ဖြစ်သွားလို့ လျှော့ရေးစရာ အကြောင်းမရှိဘူး။ ပိုပြီးသာသာထိုးထိုးရေး လိုက်မဟဲ့လို့လည်း စိတ်မကူးပါဘူး။ ကျွန်တော်တို့က ကလေးချင်းရန်ဖြစ်နေကြတာမဟုတ်ဘူးလေ။ ကိုယ်ယုံကြည်ရာ ကိုယ့်ဝန်ကိုယ်ထမ်းကြ တာ။
===================
251/End
၅ ဇွန် ၂၀၁၇ - ၁၇:၂၅
News ID: 834435
‘ကျည်ထောင်စုသစ္စာ’အမည်ရှိ သရော်စာရေးသားဖော်ပြမှုဖြင့် The Voice သတင်းစာ အယ်ဒီတာချုပ်နှင့်ဆောင်းပါးရှင်တို့ကို တပ်မတော် က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုပြီး ဇွန်လ ၂ရက် တွင် ဖမ်းဆီးချုပ်နှောင်ထားပြီဖြစ်သည်။