အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ မြောက်ပိုင်းအကျဆုံး တံတားကို နိုင်ငံတော် သမ္မတဦးထင်ကျော်က မနေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အနီး ကဆန်ခချောင်းပေါ်က ရပ်ဘော့တံတား (နောင်မွန်း) ဖွင့်ပွဲကို နိုင်ငံတော် သမ္မတတက်ရောက်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားတာပါ။
ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကချင်ပြည်နယ်ထဲမှာ ပေ ၁၈၀ နဲ့ အထက် တံတားကြီး ၄၉ စင်း တည်ဆောက်ပေးထားပြီလို့ ဆိုပါတယ်။
အခု ဖွင့်လှစ်တဲ့ အရှည်ပေ ၅၀၀ ရှိတဲ့ ရပ်ဘော့တံတား(နောင်မွန်း) ဟာ မချမ်းဘော့- ဖရုခ- နောင်မွန်း လမ်းပိုင်းမှာ ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးဖွင့်လှစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း အကျဆုံး တံတား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီတံတားဟာ ခါကာဘိုရာဇီ ဒေသအထိ သွားရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပြီး အခု ဘဏ္ဍာနှစ်အတွင်းမှာ တံတား ၅ စင်းဆောက်နေတယ်လို့လည်း ဦးဝင်းခိုင်က ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကလည်း ပူတာအို – မချမ်းဘော့ – နောင်မွန်းလမ်းဟာ ၇၃ မိုင်ကျော်ဝေးပြီး အရင်ကဆိုရင် မချမ်းဘော့က နောင်မွန်းကို ကားနဲ့ ၁၂ နာရီလောက် သွားခဲ့ရပြီး အခုဆိုရင် ၄ နာရီလောက်ပဲ ကြာတော့မယ်လို့ပြောပါတယ်။
ဖွင့်ပွဲအပြီးမှာ နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ခေါင်လန်ဖူးမြို့ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ သွားလာဖို့ ခက်ခဲပေမယ့် ဒေသအပေါ် ခုံခုံမင်မင် ချစ်မြတ်နိုးပြီး သစ္စာရှိစွာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေကို ချီးကျူးပါတယ်။
နောက်ပိုင်းမှာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် အပါအဝင် လိုအပ်တာတွေကို ဆက်လက်ပံ့ပိုးမယ်လို့လည်း ပြောခဲ့ပါတယ်။
========================
251 / End
၁၄ ဇန်နဝါရီ ၂၀၁၈ - ၁၆:၁၃
News ID: 877394
မြန်မာနိုင်ငံ မြောက်ပိုင်းအကျဆုံး တံတားကို နိုင်ငံတော် သမ္မတဦးထင်ကျော်က မနေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အနီး ကဆန်ခချောင်းပေါ်က ရပ်ဘော့တံတား (နောင်မွန်း) ဖွင့်ပွဲကို နိုင်ငံတော် သမ္မတတက်ရောက်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားတာပါ။