အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အစိုးရဖက်က အဆင်သင့် မဖြစ်သေးဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အရေးကိစ္စများ ဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ အာရ်ဆူလာမြူလာ ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ထဲက သက်ကယ်ပြင်စခန်းနဲ့ ဒါးပိုင်စခန်းတွေကို သွားရောက်ပြီး ပြည်တွင်း ပဋိပက္ခဘေးရှောင် ဒုက္ခသည်တွေကို ကြည့်ရှုလေ့လာခဲ့သလို မောင်တောမြို့နယ်ထဲမှာ ဒုက္ခသည်တွေအတွက် ဆောက်လုပ်ရေး လုပ်ဆောင်နေတာတွေကိုလည်း သွားရောက် ကြည့်ရှုပြီးတဲ့နောက် ပြောဆိုလိုက်တာပါ။
“ကောက်စ်ဘဇားကနေ ပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် ကျမ မြင်တွေ့ကြား သိလာရတာတွေ အရဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီ၊ ကာကွယ်ရေးအပိုင်း စိုးရိမ်နေရဆဲ၊ ဘေးဒုက္ခ ရှောင်ကြမှာတွေ ဆက်ဖြစ်နေဦးမှာပဲ။ ဆိုတော့ အခြေအနေတွေဟာ ဒုက္ခသည်တွေ ပြန်လာဖို့အတွက်က မပြီးစီးသေးဘူး။ မြန်မာနိုင်ငံကို ပြန်လာကြမယ့် ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ဇာတိရပ်ရွာဆီ ပြန်လာခွင့် ရှိ မရှိ စိုးရိမ်ပူပန်ပါတယ်” လို့ မစ္စ မြူလာက ပြောပါတယ်။
ဇာတိရပ်ရွာကို ပြန်လာကြမယ့်သူတွေအတွက် ပြင်ဆင်ထားတာတွေကို မမြင်ခဲ့၊ မကြားခဲ့ရသလို မြေယာအခွင့်အရေး ပါဝင်ပတ်သက်မှု၊ ပြည်တွင်း ဘေးဒုက္ခရှောင် ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေတွေဟာ အတော်ကြီးကို ဆိုးရွားနေတာကြောင့် ကောက်စ်ဘဇားက ဒုက္ခသည်တွေကို ဆုံးဖြတ်ချက်တွေ ချနိုင်အောင် အကြောင်းကြားပေးရပါလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အဲဒီ ဒုက္ခသည်စခန်းတွေဟာ ယာယီ စီစဉ်ထားတာဖြစ်သလို ဒုက္ခသည်တွေရဲ့ ဇာတိနေရပ်တွေမှာ ပြန်လည်နေရာချထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဦးဇော်ဌေးက “ကျနော်တို့က အသင့်ဖြစ်နေတာကြာပြီ။ အဲဒါကို စောင့်နေရတာ၊ သူတို့ ပြန်လာရင် ကျနော်တို့ ပြင်ဆင်စောင့်ရှောက်မှုက လူတွေရောက်လာတာနဲ့ ကြိုပြီး ပြင်ဆင်ထားတဲ့အတိုင်း ဆောင်ရွက်မှာ ဖြစ်တယ်။ အခုက ပြင်ထားတဲ့နေရာကို ကြည့်ပြီး ပြောတဲ့အပိုင်းမှာတော့ လက်တွေ့ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းတင်းမာမှုတော့ ရှိလိမ့်မယ်။ ကျန်းမာရေး ကြိုတင်ကာကွယ်ရေးအပိုင်းကိုလည်း ကျနော်တို့ အကုန်လုံးလုပ်ထားတယ်။ အခုက ပြဿနာက ပြန်လာမယ့်သူတွေက မလာသေးဘဲနဲ့ ကျနော်တို့က ပြင်ထားတဲ့သဘောဖြစ်နေတယ်” လို့ ပြောပါတယ်။
အစိုးရအနေနဲ့ အဘက်ဘက်က ပြင်ဆင်ထားပြီး တကယ်လက်တွေ့မှာ ပြန်မလာသေးဘဲ ကြိုတင်သုံးသပ်ပြောနေတာတွေဟာ ကွဲလွဲမှုဖြစ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မစ္စမြူလာဟာ နေပြည်တော်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ပြီးတော့ ပဋိပက္ခကြောင့် လူမနေကြတော့တဲ့ ရွာပေါင်း ၅၅ ရွာလောက်ကို မြန်မာအစိုးရက ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်လိုက်ပြီး စုစုပေါင်း ရွာ ၃၆၂ ရွာဟာ သြဂုတ်လကတည်းက တစိတ်တပိုင်းရော အလုံးစုံပါ ဖျက်ဆီးခံထားရတယ်လို့ နယူးယော့ခ် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောဆိုထားပါတယ်။
========================
251 / End
၈ ဧပြီ ၂၀၁၈ - ၁၅:၁၇
News ID: 888591
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အစိုးရဖက်က အဆင်သင့် မဖြစ်သေးဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အရေးကိစ္စများ ဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။