၂၃ ဇွန် ၂၀၁၈ - ၁၄:၃၆
ကချင်စစ်ရှောင်စခန်းများတွင် အကူအညီလိုအပ်နေဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင်ပြော

ကချင်စစ်ရှောင်စခန်း အများစုတွင် နေထိုင်ရေးနှင့် ရိက္ခာလိုအပ်ချက်များပြားနေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ကချင်စစ်ရှောင်စခန်း အများစုတွင် နေထိုင်ရေးနှင့် ရိက္ခာလိုအပ်ချက်များပြားနေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် များသည် ဇွန်လ ၁၇ ရက်ကစ၍ ကချင်ပြည်နယ်နေရပ်စွန့်ခွာတိမ်း ရှောင်သူများ၏ (IDPs) စခန်းများရှိ စစ်ရှောင်ပြည်သူများ၏ အခက် အခဲများကို တစ်ပတ်ကြာလေ့လာ စစ်ဆေးနေသည်။ ဇွန်လ ၂၂ ရက်အထိ နမ္မတီး၊ မိုးကောင်းနှင့် ၀ိုင်းမော်မြို့နယ်တို့ရှိ IDPs စခန်း ခုနစ်ခုသို့ သွားရောက်ခဲ့ကြောင်း ဦးယုလွင်အောင်က ပြောသည်။

  ‘‘အကြမ်းဖျင်းကတော့ ဒီ စခန်းတွေမှာ နေရတာတွေက သူတို့မှာ အခက်အခဲတွေ အများ ကြီးရှိပါတယ်။ ဆောက်ပေးထား တဲ့ အဆောက်အအုံဆိုတာလည်း ခရစ်ယာန် အသင်းတော်တွေကသူတို့အလှူခံလို့ရတဲ့ ပိုက်ဆံနဲ့ ဆောက်ထားတာဆိုတော့ သိပ်မ ကောင်းဘူးပေါ့။ မိသားစုတစ်စု မှာမှ ရှစ်ပေ၊ ၁၀ ပေပတ်လည်နေ ရာလောက်မှာ နေနေရတယ်။ မိသားတစ်စုနဲ့ တစ်စုကြားမှာ လည်း ကန့်မထားနိုင်ဘူး။ အကုန် စုပြုံအိပ်နေရတော့ ကာလရှည် ကြာလာရင်တော့ ကျန်းမာရေးရော၊ လူမှုရေးဆိုင်ရာပြဿနာတွေရောဖြစ်လာနိုင်တာပေါ့နော်။ နောက် အိမ်သာမလုံလောက်တဲ့ ပြဿနာတွေလည်း အများကြီးပါပဲ’’ဟု ဦးယုလွင်အောင်က ယမန်နေ့တွင် ရှင်းပြသည်။

ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်သော်လည်း နေရာ ထိုင်ခင်းအနေအထားနှင့် သောက်သုံးရေအခက်အခဲကြောင့်ဝမ်း ရောဂါနှင့် ငှက်ဖျားရောဂါဖြစ်ပွားနိုင်သည့် အလားအလာများရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 ‘‘မိုးတွင်းမှာသူတို့စားဖို့အ တွက် စုထားတဲ့ တောင်ယာဆန် တွေရှိတယ်။ အဲဒီဟာတွေက လည်း တောထဲမှာ ထားခဲ့ရတော့ ပျက်စီးကုန်တာရှိတယ်။ အခု မိုး တွင်းအတွက်လည်း စားစရာမရှိ ဘူး။ နောက်မိုးတွင်းအတွက်ကျ တော့လည်း စိုက်ဖို့က လွန်သွားပြီ။ဆိုတော့ ၂ နှစ်စာလောက်ကတော့စားဖို့၊ သောက်ဖို့ ခက်ခဲသွားတာ ပေါ့။ ပြန်ဆိုတော့လည်း ဟိုမှာက ဘယ်လောက်အထိ အာမခံနိုင်မ လဲဆိုတာ ရှိတာပေါ့။ ဒါတွေကို တော့ ထောက်ပံ့ဖို့အတွက်ကို တင်ပြရတော့မှာပါ’’ဟု ဦးယုလွင် အောင်က ဇွန်လ ၂၂ ရက်တွင် ပြောသည်။

ခရီးစဉ်တွင် တွေ့ရှိချက်များ အပေါ်မူတည်၍ စစ်ရှောင်လူထု အတွက် ဆောင်ရွက်ရန် လိုအပ် ချက်များကို ပြည်နယ်အစိုးရနှင့် ကဏ္ဍအလိုက် သက်ဆိုင်ရာဝန် ကြီးဌာနများထံ ပြန်လည်အကြံပြု တိုက်တွန်းမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ ‘‘အများခြုံငုံပြီး တော့ ပြောရမယ့်ကိစ္စမျိုးပေါ်လာ ရင်လည်း နိုင်ငံတော်သမ္မတဆီပို့ ရမှာပေါ့’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင် အဖွဲ့ဝင် များသည် ဇွန်လ ၂၀ ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရတာဝန်ရှိသူများ၊ နယ်လုံဝန်ကြီးစသူတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင် စခန်းများ၌ နေထိုင်သူများသည် တပ်မတော်နှင့် ကချင်လက်နက် ကိုင်အဖွဲ့ (KIA) အကြား ခုနစ် နှစ်ကြာတိုက်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ များ ဖြစ်သည်။

လက်ရှိတွင် ကချင်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း၌ IDPs လူဦးရေ ၁၂၀,၀၀၀ ခန့်ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသည့်ဒေသတွင်းအဖွဲ့အစည်းကိုးဖွဲ့ပါ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) တာဝန်ရှိသူများက ဆိုသည်။

 ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ၏ စခန်းများ (IDPs Camps) ပိတ် သိမ်းနိုင်ရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို အစိုးရက ဦးဆောင်၍ ဇွန်လ ၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

=======================
251 / End