အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဂတိလိုက်စားနေသည့် နိုင်ငံဝန်ထမ်းများအနေဖြင့် တစ်နပ်စာမက်ပါက တစ်သက်စာ ဒုက္ခခံစားရမည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။
ဩဂုတ်လ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတနှင့် မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲ အခမ်းအနားအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော်တို့ အားလုံးဆင်ခြင်ရမှာတစ်ခုပဲ၊ ကျွန်တော် သတိပေးခဲ့ချင်ပါတယ်။ ကျွန်တော်တို့တွေ တစ်နပ်စာ ကို မက်မိလို့ တစ်သက်စာ ခံစားသွားရမှာကိုတော့ ခေါင်းထဲမှာစဉ်းစားထားပါ။ ဒါကိုတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။ တစ်နပ်စာလေးကို မက်ရင်တော့ တစ်သက်စာခံရမှာ အမှန်ပါပဲ။ ကိုယ်တည်ဆောက်ထားတဲ့ သိက္ခာကို အဲ့ဒီ ခဏတဖြုတ် ရိက္ခာနဲ့တော့ မလဲကြပါနဲ့ " ဟု နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်မှ ပြောကြား ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များ၊ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ ဆောင်ရွက်ချက်များ ၊တိုင်းတရားသူကြီးချုပ်က ဥပဒေစီရင်ရေး ဆောင်ရွက်ချက်များကို နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်ထံ တင်ပြခဲ့ကြသည်။
တရားဥပဒေစိုးမိုးရေး၊အဂတိလိုက်စားမှုကင်းစင်ရေး၊မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးတွင် တာဝန်ရှိပြီး မဏ္ဍိုင်(၃) ရပ်အနေဖြင့် ချိတ်ဆက်ဆောင်ရွက်ကြရန်နှင့် ချိတ်ဆက်ဆောင်ရွက်မှု အားနည်းပါက ပြည်သူများ၏ အခွန်ဘဏ္ဍာများ ဆုံးရှုံးနစ်နာနိုင်ကြောင်း သမ္မတ မှတိုက်တွန်းပြောကြားခဲ့သည်။
မုံရွာမြို့သို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့် ရောက်ရှိစဉ် လက်ပံတောင်းတောင် ကြေနီစီမံကိန်းနှင့် ပတ်သက်သည့် တိုင်ကြားစာများ၊ မြေယာပြသနာများ၊ရပ်ကျေးအုပ်ချုပ်ရေးမှုးရွေးချယ်သည့် ကိစ္စများအတွက် တိုင်ကြားစာ ၂၆ စောင်ကို ဒေသခံများက နိုင်ငံတော်သမ္မတရုံး၏ တိုင်ကြားစာလက်ခံရေး အဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
=======================
251 / End
၁၈ ဩဂုတ် ၂၀၁၈ - ၀၃:၀၁
News ID: 905855
အဂတိလိုက်စားနေသည့် နိုင်ငံဝန်ထမ်းများအနေဖြင့် တစ်နပ်စာမက်ပါက တစ်သက်စာ ဒုက္ခခံစားရမည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။