အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားတဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တတပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော်မောင်ဦးနဲ့ ဦးမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို မိုးညှင်းမြို့ နယ်မှာ ရုံးထုတ်တာပါ။
ဒီနေ့ ရုံးထုတ်ရာမှာ ခလရ (၁၅) မှ တရားလို ဗိုလ်ကြီးကို စစ်ဆေးမေးခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ ABSDF တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့နေ ဦးတင်လှိုင်က ပြောပါတယ်။
“နံပါတ် ၁ က စွပ်စွဲတာ။ စွပ်စွဲမှုအပေါ်မှာ ခိုင်လုံလား၊ မခိုင်လုံလား။ တရားခံအဖြစ်ပြဖို့အတွက် တရားလိုမှာ သက်သေပြဖို့ တာဝန်ရှိတယ်။ အဲဒီမှာ ကွင်းဆက်မပြတ်သူတို့ဘက်က စွပ်စွဲထားတာ။ ဘာပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ သွားကြမှာပါ။”
ဖမ်းဆီးခံထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးရဲ့ ညီမဖြစ်သူက ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ ရုံးထုတ်ပြီး ညနေ ၂ နာရီခွဲ ချက်ချင်း မိုးညှင်းထောင်အချုပ်ကို ပြန်ပို့တာကြောင့် စကားပြောခွင့်မရလိုက်ဘူးလို့ ပြောပါတယ်။
“သူတို့အခြေနေ ကောင်းလားဆိုးလားလည်း ကိုယ်မသိရဘူး၊ ရောက်ခဲ့ရင်လည်း ဘယ်သူနဲ့မှ စကားပြောခွင့်မရှိဘူး။ ရုံးထဲကိုပဲ မြန်မြန်ခေါ်ပြီးတော့ တရားသူကြီးနဲ့ ပြောပြီးတာနဲ့ ချက်ချင်း ကားပေါ်တင်ခေါ်သွားတယ်ဆိုတော့ စကားပြောခွင့်လည်း မရှိဘူး။ ဒီလိုလေးပဲ တွေ့လိုက်ရတာပေါ့။ ထောင်မှာတော့ ပစ္စည်းတွေဘာတွေ ပေးလို့ရတယ်။ နှစ်ပတ်တကြိမ်တွေ့ခွင့်ရှိတယ်။”
တရားခွင်ကို ABSDF ရဲဘော်ဟောင်းတွေနဲ့ မိသားစုဝင်တွေ လူ ၂ဝ လောက် လာရောက်ခဲ့ကြပါတယ်။ ဒီနေ့ရုံးချိန်းမှာ မြို့နယ်တရားသူကြီး ဦးဇော်လင်းထွန်းက စစ်ဆေးခဲ့ပြီး နောက်တပတ်ရုံးချိန်းကို ၂၈ ရက်ခွာ ချိန်းဆိုထားပါတယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းရေးတည်ဆောက်ချိန်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု (အန်စီအေ) မှာ လက်မှတ်ရေးထိုးထားတဲ့ ABSDF တပ်ဖွဲ့ဝင်တွေကို အခုလိုမျိုး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ ABSDF မြောက်ပိုင်းဥက္ကဋ္ဌ ရဲဘော်လဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတာ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တတပ်ဦး (ABSDF) က ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုထားတာပါ။
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။
=======================
251 / End
၂၉ ဒီဇင်ဘာ ၂၀၁၈ - ၁၈:၀၁
News ID: 922703
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားတဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။