၁၂ ဩဂုတ် ၂၀၁၉ - ၁၆:၁၄
ထိုးစစ် အမြန်ဆုံးရပ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ တောင်းဆို

မြန်မာပြည်မြောက်ပိုင်းနဲ့ ရခိုင်ဒေသမှာ မြန်မာတပ် မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေမှု အားလုံးကို အမြန်ဆုံး ရပ်တန့်ဖို့ ကိုးကန့်၊ ပလောင်နဲ့ရခိုင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က တောင်းဆိုလိုက်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာပြည်မြောက်ပိုင်းနဲ့ ရခိုင်ဒေသမှာ မြန်မာတပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေမှု အားလုံးကို အမြန်ဆုံး ရပ်တန့်ဖို့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အလ်အေ)နဲ့ ရက္ခိုင်တပ်မတော်(အေအေ)အဖွဲ့ သုံးဖွဲ့က ဩဂုတ် ၁၂ ရက် နေ့စွဲနဲ့ ပူးတွဲ သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို မရပ်ဆိုင်းဘဲ ထိုးစစ်ဆင်လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေမယ် ဆိုပါက ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေမှာ မြန်မာစစ်တပ်ရဲ့ တာဝန်ပဲ ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

မြန်မာတပ်မတော်ဟာ ရခိုင်ဒေသမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ တရက်ပြီး တရက် ပိုမိုပြင်းထန်လာခဲ့သလို အပြစ်မဲ့ ရခိုင်ပြည်သူတွေ ရာနဲ့ချီ သေဆုံးကာ လူ ၆၀၀၀၀ လောက် စစ်ဘေးဒုက္ခသည်တွေအဖြစ် ရောက်ရှိခဲ့ရပြီလို့ ဆိုပါတယ်။

အလားတူ ကိုးကန့်နဲ့ တအာင်းဒေသတွေမှာလည်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်တွေ အခြေချတဲ့ နေရာတွေကို ဦးတည်ကာ ၁၀၅/၁၂၂ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တပ်စခန်းတွေနဲ့ လေ့ကျင့်ရေး နေရာတွေကို ဦးတည် စစ်ရေး လှုပ်ရှားတာတွေ ဆက်တိုက် ပြုလုပ်လာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုနှစ် ဩဂုတ်လ ပထမပတ်အတွင်းမှာ မဟာမိတ်တိုင်းရင်းသားတွေရဲ့နယ်မြေထဲမှာ တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တပ်မတော်က တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ ရှမ်းပြည်နယ် အပါအဝင် စစ်တိုင်းဒေသကြီး ၅ ခုမှာ ၆ လတာ ရပ်ဆိုင်းပေးခဲ့ပြီး သြဂုတ်လကုန်အထိ နောက်ထပ် ၂ လ ထပ်တိုးပေးထားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ ၆ လတာကာလအတွင်း တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတာ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ခိုင်မာစေရေးအတွက် ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးရာမှာ ပြည်သူလူထုက မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းမှာ တခါမှ မရှိခဲ့ဘူးတဲ့ တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထပ်တိုးကာလကို ထိထိရောက်ရောက် အသုံးပြုဖို့ တပ်မတော်က တိုက်တွန်းပါတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ်မဆို သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုရမှာဖြစ်ပြီး ဒီမိုကရေစီလမ်းစဉ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင် တောင်းဆိုတာတွေကြောင့် ဖြစ်လာတဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရမယ်လို့ ယုံကြည်ကြောင်းလည်း တပ်မတော်က ဆိုပါတယ်။

ပဏာမအပစ်ရပ်စဲရေးစာချုပ် မူကြမ်းကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တရုတ်နိုင်ငံနဲ့ မြောက်ပိုင်းတိုင်းရင်သားမဟာမိတ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တို့က တဆင့် ကြိုးပမ်းနေပေမယ့် တွေ့ဆုံမယ့် နေရာ အခက်အခဲကြောင့် ထပ်မတွေ့နိုင်သေးဘဲ ကြန့်ကြာနေပါတယ်။

=======================

251 / End