အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmarmuslim.net
တနင်္ဂနွေနေ့

၃ မတ် ၂၀၁၃

၂၀:၃၀:၀၀
396783

ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် သက်ဆိုင်သူများထံသို့

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

သာကေတမြို့နယ်အတွင်း ဗလီတည်ဆောက်မှုနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွား ရပ်ကွက်ဆန္ဒအတိုင်း တိုင်းဒေသကြီးအစိုးရဆောင်ရွက်ပေးခဲ့

ဖော်ပြပါစကား များသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ထုတ် Venus News Weekly မျက်နှာဖုံးတွင် ဖော်ပြထားသော သတင်း စာသားများဖြစ်ပါသည်။

စာရေးသူသည် ဘုန်းမြတ်ရေးသားထားသည့် သတင်းကို ၎င်းဂျာနယ်၏ Supplement (A) ၌ ဖတ်လိုက်ရပါသည်။

ထိုသတင်းတွင် -

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မာန်ပြေ ၁၉ လမ်း၊ အမှတ်(၁၁၂၈)ရှိ မွတ်စလင်မ်ဘာသာရေး စာသင်ကျောင်းအား . . . . ရပ်ကွက်နေပြည်သူ့ ဆန္ဒအတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဖျက်သိမ်းပေးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။ …. ဟု ဖော်ပြထားသည်ကို ဖတ်လိုက်ရပါသည်။

အထက်ပါသတင်း ဖော်ပြချက်ကို ထောက်ရှုကြည့်ပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ရပ်ကွက်နေ ပြည်သူ (၃၀၀)ခန့်၏ ဆန္ဒသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၎င်းတို့၏ ဆန္ဒအတိုင်း လူနည်းစု၏ ဘာသာရေး စာသင်ကျောင်းကို ဖျက်သိမ်းပေးခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်နေပါသည်။

သို့ဆိုလျှင် လူ(၃၀၀)အောက် မနည်းသော လူတစ်စုမှ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ၊ ဆူးလေစေတီ စသည့် သာသနိက အဆောက်အအုံများကို မမြင်ချင်ကြောင်း ဆန္ဒပြုတောင်းဆိုလာလျှင် ပြည်သူ့ဆန္ဒကို လေးစားသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အမြစ်မကျန်အောင် ဖျက်သိမ်းပေးမည်လားဟု ရိုးသားစွာ မေးလိုက်ချင်ပါသည်။

တကယ်တန်းစဉ်းစားကြည့်လျှင် ယခုအကြမ်းဖက် ဖျက်ဆီးခဲ့သော အစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် ဥပဒေမဲ့ ဆောက်လုပ်ခဲ့ခြင်းမဟုတ်ပါ။ သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ရ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖျက်ဆီးခံလိုက်ရသည် အကြောင်းရင်းမှာလည်း ခွင့်ပြုထားသည့် ပုံစံထက်(၅)ပေ ပိုဆောက်လိုက်၍ ဖြစ်ကြောင်းလည်း သိရသည်။

အကယ်၍ အဆောက်အဦးဆောက်လုပ်သူများဘက်က ခွင့်ပြုမိန့်ထက် ပိုနေသော အဆောက်အဦးအား ဖယ်ရှားရန် ပေးပို့လာသည့် ညွှန်ကြားချက်ကို လိုက်နာငြင်းဆိုနေခဲ့သည့် တိုင် သက်ဆိုင်ရာက တည်ဆဲဥပဒေအရ အရေးယူရန်သာရှိသည်။

ယခုမူ နိုင်ငံတော်အစိုးရက ဥပဒေအထက်တွင် မည်သူမျှမရှိရ ဟု ဆိုနေပါသော်လည်း ဖော်ပြပါ ဘာသာရေး စာသင်ကျောင်းအား အကြမ်းဖက် ဖျက်ဆီးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ဥပဒေနှင့်နိုင်ငံတော်အစိုးရ အထက်တွင် အစွန်းရောက်ဗုဒ္ဓဘာသာ အကြမ်းဖက်သူ တစ်စု ရှိနေကြောင်း သိသာထင်ရှားနေပါသည်။

အထက်က ဆိုခဲ့သလို ဥပဒေအထက်တွင် မည်သူမျှ မရှိတာသေချာပါလျှင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အကြမ်းဖက် ဖျက်ဆီး သူများကိုနောင် မပြုလုပ်ကြရန် ဟန့်တားသည့် အနေဖြင့် ဥပဒေအရ အရေးယူပြသင့်သည်။

သို့မဟုတ်ပါက မြန်မာနိုင်ငံ၏ အနာဂတ်သည် ရင်လေးစရာပင်။ အဆိုပါ ဘာသာရေးအဆောက်အဦးအား အကြမ်းဖက် ဖျက်ဆီး ခဲ့ကြသူများသည် လောကီဥပဒေအရ ရာဇ၀တ်သားများဖြစ်သွားကြပြီး၊ လောကုတ္တရာတွင် လည်း ဗုဒ္ဓအဆုံးအမအရ သံသရာမှာ ပေးဆပ်ကြရပေတော့မည်။

ဗုဒ္ဓဘာသာဝင်နိုင်ငံတစ်ခုဖြစ်နေပါလျက် ယခုကဲ့သို့ လူနည်းစုကို မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်နေခြင်းသည် အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်လို့ ဟစ်ကြွေးနေကြသည့် အမျိုးကောင်းသား/သမီး မျိုးရိုးအထက်တန်းစားတွေအတွက် စဉ်းစားစရာဖြစ်နေပါ၏။

ကြီးနိုင်ငယ်ညှင်းပြုခြင်း၊ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်အထက်ပြုခြင်းသည် ဗုဒ္ဓ၀ါဒနှင့် လုံးဝ မကိုက်ညီပါ။

မည်သည့် ဘာသာဝင်ဖြစ်စေ၊ မကောင်းမှုသည် စက်ဆုပ်စရာပင်

မြန်မာမှုနယ်ပယ်တွင် ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဟုလည်း ဆိုထားပြန်သည်။ သို့ဖြစ်ရာ ယခုအကြမ်းဖက် မတရားဖျက်ဆီးခဲ့သူများသည် တည်ဆဲဥပဒေအရ နိုင်ငံတော်က အရေးမယူခဲ့သည့်တိုင် နောင်တမလွန် အတွက် သံသရာကြွေးသစ်ကို အတင်းအဓမ္မချေးယူသွားလိုက်ခြင်းဖြစ်ပေသည်။ သနားစရာတော့ ကောင်းလှ ပါသည်။

ဗုဒ္ဓအဆုံးအမအောက်တွင် ရှိနေပါသည်ဟု ဆောင်ပုဒ်များ လူမြင်ရာ၌ ချိတ်ကာ ကြွေးကြော်နေမယ့်အစား ဗုဒ္ဓသြ၀ါဒကို နှလုံးသားမှာထည့်ကာ လောကီ လောကုတ္တရာ အောင်မြင်ရေးအတွက် ဆောင်ရွက်နိုင်ကြပါစေလို့ အကြံပြုအပ်ပါသည်။

မီဒီယာသမားများအနေဖြင့်လည်း ကိုယ်ရေးတဲ့ စာတွေက ကိုယ်ကို တစ်ချိန်ချိန်မှာ လှောင်ပြုံး မပြုံးပြနိုင်အောင် မီဒီယာ ကျင့်ဝတ်နှင့်အညီ လေ့လာသုံးသပ် ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်ရေးသားသင့် လှပါကြောင်း Venus Weekly နှင့် မီဒီယာလောကသားများသို့ ဆန္ဒပြုရေးသားလိုက်ရပေသည်။